လောင်းလုံးမြို့သို့ ရောက်ရှိနေသော စစ်အာဏာရှင်တပ်သည် မြို့အနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဆက်တိုက် ထိုးနေ သဖြင့် ဒေသခံများသည် လယ်ယာ၊ ဥယျာဉ်ခြံနှင့် အခြားလုပ်ငန်းများကို မလုပ်နိုင်ဘဲ မကြာခဏထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။
မေလ ၂၂ ရက်မှစပြီး စစ်အာဏာရှင်စစ်ကြောင်းသည် လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများဖြစ်သော စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ကြီး စသည့်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၁၀ကျော်သို့ တစ်ရွာဝင်၊ တစ်ရွာထွက် ၁၂ ရက်အကြာ စစ်ကြောင်းထိုးခဲ့သည်။
ယင်းနောက် အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့ထဲသို့ ပြန်ဝင်သွားခဲ့ပြီး မြို့ထဲရှိ ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။
မြို့ထဲတွင် တစ်ညအိပ်ပြီးနောက် ယနေ့ မေလ ၃ ရက် နံနက်ပိုင်းတွင်မူ လောင်းလုံးမြို့နှင့် ကပ်လျက် စစ်ပြဲကျေးရွာဘက်သို့ စစ်ကြောင်း ပြန်ထိုးလာသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။
“စစ်ကြောင်းထိုးလာပြီဆိုရင် ပထမဆုံးပြေးရတာက ကျွန်မတို့ရွာပဲ။ အခုလည်း အိမ်ရောက်တာ တစ်ရက် နှစ်ရက်ပဲ ရှိသေးတယ်၊ အိမ်မှာတောင် ဖင်ပူအောင်မထိုင်ရသေးဘူး။ အခုတစ်ခါ ထပ်ပြေးနေရပြန်ပြီ” ဟု စစ်ပြဲကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် တောလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး ရွာထဲသို့ ရုတ်တရက်ဝင်ရောက်လာလေ့ရှိသဖြင့် ဒေသခံ အများအပြား အဖမ်းခံရလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်း ရွာထဲသို့ရောက်ပါက အရပ်သားနေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်တပ်စွဲနေထိုင်ပြီး အဖိုးတန် ပစ္စည်းများနှင့် အစားအသောက်များကို အဓမ္မယူဆောင်ခြင်း၊ ဒေသခံများကို ဖမ်းဆီးပြီး စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ခိုင်းခြင်း တို့ကို လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတို့က ဆိုသည်။
“ရွာထဲမှာတွေ့ရင် ဗိုက်ကြီးသည်ရော၊ ကလေးရော အကုန်ဖမ်းသွားတာပဲ။ သူတို့သွားချင်တဲ့နေရာ ရောက်ရင်တော့ ပြန်လွှတ် ပေးတယ်။ ယောင်္ကျားလေးတွေဆိုရင် မလွှတ်ပေးတော့ဘူး။ အထုတ်အပိုးတွေ ထမ်းခိုင်းတယ်။ နေမကောင်းဘူး၊ လမ်းမလျှောက်နိုင်ဘူးပြောလည်း အလကားပဲ” ဟု ဖမ်းဆီးခံရရာမှ လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။
မေလ ၂၂ ရက်မှ ဇွန်လ ၂ ရက်အထိ ၁၂ ရက်ကြာ စစ်ကြောင်းထိုးစဉ် ဒေသခံရာနှင့်ချီ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောင်း မြို့ထဲပြန်ဝင်ချိန်တွင် အားလုံးပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယခုလည်း စစ်ပြဲကျေးရွာကို စစ်ကြောင်းထိုးလာနေသော အဆိုပါစစ်ကြောင်းသည် လမ်းတွင်တွေ့သည့် ဈေးသည်အချို့ကို ဖမ်းဆီးထားပြီး ယနေ့ နံနက် ၁၀ နာရီခန့်တွင်မူ စစ်ပြဲကျေးရွာရှိ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
ထိုကဲ့သို့ စစ်အာဏာရှင်တပ်က မနားတမ်း ရက်ရှည်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများမှာ လယ်၊ ဥယျာဉ်နှင့် အခြားလုပ်ငန်းများမလုပ်နိုင်သည့်အပြင် သာရေး၊ နာရေးများလည်း မလုပ်နိုင်တော့ကြောင်း ဒေသခံများက ဆိုသည်။







