ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာတွင် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
မေလ ၂ ရက် ညနေ ၃ နာရီခွဲတွင် နေအိမ်ခြံဝန်းအတွင်းက သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းချိန် သစ်ပင်လဲကျ သည့်နေရာတွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး မိုင်းစထိမှန်ခဲ့ကြောင်း သင်္ကန်းတုံးရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာက ခြံကို တောခုတ်ထွင် ဝင်ရှင်းရင်းဖြစ်တာ။ ရွာမှာနေနေတာတော့ မဟုတ်ဘူး။ သူတို့အိမ်က စစ်တပ်မီးရှို့တဲ့အထဲ ပါသွားတာ ကြာလှပြီ။ တခြားရွာမှာနေရင်း ခြံဝင်ရှင်းတာပါ” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။
မိုင်းစထိမှန်ပြီး ခြေသလုံးတွင် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။
သင်္ကန်းတုံးရွာက ဒေသခံများသည် တိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသည်။
စစ်အာဏာရှင်တပ်က သင်္ကန်းတုံးရွာက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာတွင် ဝင်ရောက်နေထိုင်သူ အိမ်ထောင်စု သုံးလေးစုသာရှိကြောင်း ဒေသခံများထံမှ သိရသည်။







