ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုဒါဟန်ခရိုင်တွင် သံဃာတော်များ လမ်းလျှောက်၍ ဒေသစာရီ ကြွချီနေစဉ် ကားတစ်စီးက ဝင်တိုက်ခဲ့သဖြင့် သံဃာတော် ၈ ပါး ပျံလွန်တော်မူခဲ့ပြီး ၁၃ ပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ယနေ့ ဇူလိုင်လ ၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မုဒါဟန်မြို့၊ နစီနွန်ရွာ လမ်းဘေးတွင် သံဃာတော်များ ဒေသစာရီ လမ်းလျှောက်ကြွချီနေစဉ် ပစ်ကပ်ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ကားတိုက်မှုကြောင့် သံဃာတော် ၅ ပါးမှာ နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး၊ နောက်ထပ် ၃ ပါးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ နောက်ထပ် သံဃာတော် ၁၃ ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း ဖော်ပြသည်။
သံဃာတော် အပါး ၃၀ ကျော်နှင့် ပြည်သူများသည် မုဒါဟန်ခရိုင်မှ ဥဘွန်ရတ်ချဌာနီခရိုင်သို့ ခြေကျင်ခရီးဖြင့် ဒေသစာရီ ကြွချီနေကြခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ကြာ ခရီးစဉ်အဖြစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြီးဆုံးရန် စီစဉ်ထားကြခြင်းဖြစ်သည်။
ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးက မိဘခွင့်ပြုချက်မရှိဘဲ ကားမောင်းနှင်လာခြင်းဖြစ်ပြီး လမ်းတွင် အရှိန်မထိန်းနိုင်ဘဲ သံဃာတော်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကားတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: Khaosod, Thairath, CH 8, Daily News







