မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခအတွင်း ဘက်အသီးသီးမှ လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ကြောင်း ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခများကို လေ့လာစောင့်ကြည့်နေသည့် Armed Conflict Location & Event Data (ACLED) အဖွဲ့၏ နောက်ဆုံးအချက်အလက်များအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ပဋိပက္ခနှင့် ဆက်နွှယ်၍ သေဆုံးသူဦးရေ ၁၀၀,၁၁၄ ဦး ရှိခဲ့ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်အာဏာရှင်တပ်က ယခင်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စစ်အာဏာသိမ်းမှု လုပ်ဆောင်ခဲ့သည်။
ယင်းကြောင့် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ ဆယ်စုနှစ်တစ်ခုကြာ အရပ်သားတစ်ပိုင်း အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့များက နှိမ်နင်းခဲ့သော်လည်း တက်ကြွလှုပ်ရှား သူများက မြို့ပြများကို စွန့်ခွာ၍ ဒီမိုကရေစီလိုလားသော ပြောက်ကျားတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ကာ ဗဟိုအစိုးရ အုပ်ချုပ်ရေးကို ကာလရှည်ကြာ တွန်းလှန်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံသည် ပါလက်စတိုင်းပြီးနောက် ကမ္ဘာပေါ်တွင် ပဋိပက္ခဒဏ် ဒုတိယအများဆုံး ခံစားရသည့် နိုင်ငံဖြစ်ကြောင်း ACLED က ဆိုသည်။
တရားဝင်ထုတ်ပြန်ထားသည့် သေဆုံးမှုစာရင်း မရှိသလို ခန့်မှန်းချက်များလည်း များစွာကွာဟနေသော်လည်း လေ့လာဆန်းစစ်သူများက လက်ရှိမြန်မာပြည်တွင်းစစ်ကို အာရှတွင် သေကြေပျက်စီးမှုအများဆုံး ဖြစ်ပွားဆဲ ပဋိပက္ခအဖြစ် သတ်မှတ်ထားကြသည်။
Source: AFP
ဓာတ်ပုံ – More than 100,000 killed in Myanmar since 2021 coup, monitor says – France 24







