ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် ထိုင်းနိုင်ငံသားက မြန်မာနိုင်ငံသားများကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းတွင် ချွန်ဘူရီမြို့ စီလချားဒေသ ဘောဝင်းရပ်ကွက်တွင် အသက် ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသားက မြန်မာနိုင်ငံသားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ပစ်ခတ်မှုကြောင့် အသက် ၄၀ နှစ်အရွယ် ကိုအောင်မျိုးမင်းသည် ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရပြီး နေရာတွင်ပင် သေဆုံးကြောင်း ဖော်ပြသည်။
အသက် ၃၉ နှစ်အရွယ် မဇာဇာထွန်းတွင် ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက လေးချဘန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။
မြန်မာနိုင်ငံသား အခြားတစ်ဦးတွင်မူ လက်တွင် ကျည်ထိမှန်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဖော်ပြသည်။
သေနတ်ဖြင့် ပစ်ခတ်ဖြစ်နောက် ထိုင်းနိုင်ငံသားသည် ရဲတပ်ဖွဲ့များထံ အဖမ်းခံခဲ့ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံသားများနှင့် ဖဲကစားလေ့ရှိသူဖြစ်ပြီး ယမန်နေ့များက မြန်မာနိုင်ငံသားများနှင့် ဖဲကစားစဉ် ရှုံးခဲ့သူဖြစ်ကြောင်း ထိုင်းနိုင်ငံသားက ထွက်ဆိုကြောင်း ဖော်ပြသည်။
အခင်းဖြစ်သောနေ့က ထိုင်းနိုင်ငံသားသည် ညဘက်အလုပ်မှ ပြန်လာပြီး နံနက် ၇ နာရီခန့်က မြန်မာနိုင်ငံသားများနှင့် ဖဲကစားရန် သွားစဉ် ဖဲဝိုင်းက ပြီးဆုံးနေပြီဖြစ်ကြောင်း ဆိုသည်။
ယင်းအချိန် ဖဲပြန်ကစားကြရန် မြန်မာနိုင်ငံသားများကို ခေါ်စဉ် မြန်မာနိုင်ငံသားများက ၎င်းကို ဘုကြည့်ကြည်ပြီး ကစားရန် ငြင်းဆန်ခဲ့ကြကြောင်း ပြောဆိုထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသားသည် ဒေါသထွက်ပြီး ပါလာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
သေနတ်နှင့် သက်သေပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး ထိုင်းနိုင်ငံသားကို ရဲစခန်းသို့ ခေါ်ယူကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။











