တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခုတွင် ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်အုပ်စုလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကရင် ၊ ချင်း၊ မွန်၊ ရခိုင် စသည့် တိုင်းနှင့် ပြည်နယ်များနှင့် နေပြည်တော်တို့တွင် မိုးကြီးနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာပြီး ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဇူလိုင်လ ၃ ရက်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ယင်းသို့ မိုးကြီးမည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
တနင်္သာရီတိုင်းအတွင်းရှိ ဒေသများတွင် မုတ်သုံစဝင်သည့် မေလလယ်မှစ၍ မိုးပုံမှန်ရွာသွန်းနေပြီး ပြီးခဲ့သည့် ဇွန်လကုန် အထိ ရေကြီးရေလျှံမှုများ မကြုံရသေးကြောင်း တိုင်းအတွင်းရှိ ခရိုင်သုံးခုမှ ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရသည်။
တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်ဖြစ်ပေါ်မှုနှင့်အတူ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ဆိုသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မွန်၊ ကရင်၊ တနင်္သာရီဒေသတို့သည် မုတ်သုံလေဖြတ်သန်းရာ လမ်းကြောင်းဖြစ်သဖြင့် မုတ်သုံလေ အားကောင်းနေချိန် လာမည့် ရက်သတ္တပတ် တစ်ပတ်လုံး နေရာကွက်ကျား မိုးရွာခြင်းနှင့် မိုးကြီးခြင်းများ ရက်ဆက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကလည်း ခန့်မှန်းထားသည်။
ယခု ဇူလိုင်လ ပထမအပတ်အတွင်း တနင်္သာရီအပါအဝင် ကမ်းရိုးတန်းဒေသများတွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးကာ နောက်ဆက်တွဲအနေဖြင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်းများကို အထူးသတိပြု နေထိုင်သင့် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ရေးဝန်ကြီးဌာန ၏ တစ်ပတ်တာကြိုတင် မိုးလေဝသခန့်မှန်းချက်တွင် သတိပေးဖော်ပြသည်။







