ယခုနှစ် ဇွန်လအတွင်း တနင်္သာရီတိုင်းတွင် လူငယ်အမျိုးသား ၂၀၀ ခန့် စစ်မှုထမ်း စုဆောင်းခံရကြောင်း စစ်အုပ်စု ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်နှင့် ကာယကံရှင် မိသားစုဝင်များ၏ ပြောပြချက်များအရ သိရသည်။
ဇွန်လ ၂၉ ရက်တွင် စစ်မှုထမ်း အပတ်စဥ် ၂၆ သင်တန်းကို ပလောက်မြို့ရှိ စစ်အာဏာရှင်တပ်၏ အမှတ် ၁၂ တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
စစ်အုပ်စုဘက်က ထုတ်ပြန်ထားသည့် သင်တန်းဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများအရ လူငယ် ၂၀၀ ခန့် စစ်မှုထမ်း သင်တန်းသားအဖြစ်စုဆောင်းခံထားရကြောင်း တွေ့ရသည်။
ထားဝယ်မြို့တွင် ဇွန်လအတွင်း လူငယ်အမျိုးသား ငါးဦးထက်မနည်း အဓမ္မစစ်မှူထမ်းစုဆောင်းခံရကြောင်း မြို့ခံများကို ကိုးကား၍ Dawei Watch က သတင်းဖော်ပြခဲ့သည်။ ယင်းပမာဏမှာ Dawei Watch က လက်လှမ်းမီသမျှ စုဆောင်းထားသည့် အချက်အလက်သာ ဖြစ်သည်။
ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကြား မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် လေးဦး နှင့် ထားဝယ်မြို့ပေါ်ရပ်ကွက် တစ်ခုတွင် ညဘက်နေအိမ်၌ စုဆောင်းခံရသူတစ်ဦး စုစုပေါင်း ငါးဦး ဇွန်လ ပထမအပတ်၌ စုဆောင်းခံခဲ့ရသည်။
ထားဝယ်မြို့၌ ဇွန်လအတွင်း စုဆောင်းခံရများတွင် အစိုးရဌာနတစ်ခုက ဝန်ထမ်းဟောင်းတစ်ဦးလည်း ပါဝင်ကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်မေလက စစ်မှုထမ်း အပတ်စဥ် ၂၅ သင်တန်းကိုမူ ကျွန်းစုမြို့နယ်မှ ရေတပ်လေ့ကျင့်ရေးတပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းအပတ်စဥ်၌ အဓမ္မစုဆောင်းခံရသူ လူငယ်အမျိုးသား ၁၆၀ ကျော် စစ်သင်တန်းတက်နေရဆဲဖြစ်သည်။
ဧပြီလကလည်း တနင်္သာရီတိုင်းတွင် လူငယ်အမျိုးသား ၁၂၀ ဦး စစ်မှုထမ်းအပတ်စဥ် ၂၄ အတွက် စုဆောင်းခံရသည်။
ထို့ကြောင့် တနင်္သာရီတိုင်းတွင် သုံးလအတွင်း လူငယ်ငါးရာနီးပါး အဓမ္မစစ်မှုထမ်းစုဆောင်းခံထားရပြီဖြစ်ကြောင်း စစ်အာဏာရှင်တပ်ဘက်က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံများအရ သိရသည်။
ပုံစာ – ပလောက်မြို့တွင် ဖွင့်လှစ်သည့် စစ်မှုထမ်းအမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲ။







