ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသည့် မြို့ခံတစ်ဦး ထွက်ပြေးလွတ်မြောက် လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်၊ KNU ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။
မောတောင်မြို့တွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ်က မေလ ၃၁ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တနင်္သာရီမြို့နယ်ဥက္ကဋ္ဌ ပဒိုဉာဏ်ဝါးက ပြောသည်။
ဖမ်းသွားပြီးနောက် ညှဉ်းပန်းနှိပ်စက်ပြီး တော်လှန်ရေးတပ်များ၏ တည်နေရာကို လမ်းပြခိုင်းကြောင်း ထွက်ပြေးလွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းက ဆိုသည်။
ဖမ်းဆီးပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန်လ ၁ ရက်တွင် အဆိုပါအမျိုးသားကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက အိမ်ရှေ့တွင် ကြိုးဖြင့် ချည်ထားပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပဒိုဉာဏ်ဝါးက ပြောဆိုသည်။
ယင်းနေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ တပ်ချိန်းနေစဉ် ထွက်ပြေးလွတ်မြောက်လာကြောင်း ဆိုသည်။
“သေနတ်ဒင်နဲ့ ထုထားတဲ့ဟာတွေ ပြီးတော့ ပေါင်မှာ ဘက်နက် (သေနတ်ပြောင်းတွင် တပ်ရသည့် ဓားချွန်) နဲ့ ထိုးထားတာတွေ တစ်လက်မလောက် နစ်အောင်ထိုးထားပြီး ညှဥ်းပန်းနှိပ်စက်ထားတယ်။ ယခုလက်ရှိ ကျွန်တော်တို့ ဆေးကုထားပေးတယ်” ဟု အထက်ပါ ပဒိုဉာဏ်ဝါးက ပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသားသည် မိသားစု ငါးဦးနှင့်အတူ ဘေးကင်းရာသို့ ရောက်ရှိလာကြောင်း KNU မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းကို ဖမ်းဆီးထားသောနေရာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လည်း ဖမ်းဆီးခံထားရပြီး ညှဥ်းပန်းနှိပ်စက်ခံနေရသည်ကို တွေ့ရှိခဲ့သည်ဟု ပြောဆိုကြောင်း ဖော်ပြသည်။
အဆိုပါ အမျိုးသား၏ လက်မောင်း၊ ပေါင်တို့တွင် ဓားဖြင့် ထိုးသွင်းခံထားရသည့် ဒဏ်ရာများရရှိထားသည်ကို ဓာတ်ပုံ မှတ်တမ်းများ၌ တွေ့ရသည်။
စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မြိတ်မြို့မှ ရိက္ခာနှင့် လူအင်အားများကို ကားများဖြင့် ထပ်မံဖြည့်တင်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။










