ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဘတ် ခြောက်သန်း ထီပေါက်ကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၁၇၃၇၇၀ တွင် ခြောက်လုံးတိုက် ပထမဆုကို တစ်စောင် ကံထူးခဲ့ခြင်းဖြစ်သည်။
ထီဆုငွေကို အလုပ်ရှင်ကိုယ်တိုင် လိုက်လံထုတ်ယူပေးမည်ဖြစ်ကြောင်း AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။
“ထီပေါက်တာကို ကျွန်တော်တို့ကို အကြောင်းကြားလို့ ကူညီပေးဖို့ လုပ်နေတယ်ပေါ့နော်။ နောက်တော့ သူ့သူဌေး ကိုယ်တိုင်က အာမခံပြီး ထုတ်ပေးမယ်ပြောတော့ ကျွန်တော်တို့က ထုတ်ပေးစရာ မလိုတော့ဘူးပေါ့” ဟု ၎င်းက ပြောဆိုသည်။
လုံခြုံရေးအရ ထီပေါက်သူ၏ အမည်နှင့် မြန်မာနိုင်ငံရှိ နေရပ်ကို ထုတ်ဖော်ပြောဆို၍ မရကြောင်း ဦးခိုင်ကြီးက ဆိုသည်။
ပြီးခဲ့သော မေလ ၂ ရက်ကလည်း ထားဝယ်ဒေသခံအလုပ်သမား ဇနီးမောင်းနှံက ဘတ်ခြောက်သန်း၊ အခြားမြန်မာဇနီးမောင်နှံက ဘတ် ၁၂ သန်း စုစုပေါင်း ဘတ် ၁၈ သန်း ကံထူးခဲ့သေးသည်။







