မကြာသေးမီက နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာသည့် အမေရိကန် ထိပ်တန်းသံတမန်များနှင့် တွေ့ဆုံမည် မဟုတ်ကြောင်း အီရန်ဘက်က ဇွန်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ယင်းကြောင့် နှစ်နိုင်ငံအကြား ရေရှည်ငြိမ်းချမ်းရေးရရှိရန် အလားအလာ ပို မရေမရာ ဖြစ်လာကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အီရန်အဏုမြူစီမံကိန်း ကန့်သတ်ရေးကဲ့သို့ ခက်ခဲသည့် အကြောင်းအရာများကို မဆွေးနွေးမီ စစ်ပွဲအပစ်ရပ်ရေး ကနဦးသဘောတူညီချက်ပါ အချက်များကို ကြိုတင်ညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း အီရန်အရာရှိများက ဆိုသည်။
အမေရိကန်ဘက်မှ ဘဏ္ဍာရေးအထောက်အပံ့အတွက် အလဲအလှယ်အနေဖြင့် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရေးနှင့် ရက် ၆၀ အတွင်း ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးရေးစသည့် ကနဦး အပစ်ရပ် သဘောတူညီချက်ပါ အဓိကအချက်များအပေါ် အမေရိကန်နှင့် အီရန်အကြား သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သူ ဂျာရက်ကူးရှ်နာနှင့် အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်တို့သည် အီရန်နှင့် အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကာတာမြို့တော် ဒိုဟာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ၎င်းတို့အနေဖြင့် အီရန်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်မတွေ့ဘဲ ကြားခံများနှင့်သာ တွေ့မည်ဟု အီရန်နှင့် ကာတာအရာရှိများက ဆိုသည်။
အမေရိကန် သံတမန်များနှင့် တွေ့ဆုံမည့် သူများတွင် ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက်ဘင်အဗ္ဗဒူလ်ရာမန်အယ်လ်ထာနီလည်း ပါဝင်ကြောင်း ကာတာဘက်က ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကမူ “လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်ဘက်က ဘယ်လိုအဆင့်မျိုးနဲ့မှ တွေ့ဆုံဖို့ အစီအစဉ်မရှိပါဘူး” ဟု ပြောဆိုသည်။
အီရန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်ရန် ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ်ဟက်ဂ်ဆက်သ်၊ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့နှင့် သမ္မတထရမ့်က ဆွေးနွေးခဲ့ကြောင်း The Wall Street Journal က ဖော်ပြသည်။
Source: Reuters







