ကော့သောင်းမြို့၊ မြို့မဈေးကြီးရှိ ရွှေဆိုင်တွင် ဝယ်သူဟန်ဆောင်ကာ အုပ်စုလိုက် ရွှေခိုးသူများကို ဖမ်းမိခဲ့ကြောင်း ကော့သောင်းမြို့ခံအချို့ထံမှ သိရသည်။
မေလ ၂၅ ရက်နေ့ မနက်က အဏ္ဏဝါရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးများ ခိုးယူသွားသည့်အဖွဲ့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦး ရွှေဝယ်သူဟန်ဆောင်ကာ အဆိုပါ ရွှေဆိုင်သို့ ရောက်လာပြီး ရွှေထည်ပစ္စည်းများကို ပြခိုင်းခဲ့ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။
“ဖြစ်တဲ့အချိန်က မနက်ပိုင်းဆိုတော့ ဆိုင်မှာလည်း လူတအားမကျတဲ့အချိန်ဖြစ်တော့ သူတို့ရွှေပြခိုင်းပြီး ထွက်သွားတာနဲ့ ဆွဲကြိုးပျောက်တာ သတိထားမိတော့ သူတို့ပဲဆိုပြီး ရဲတွေတိုင်ပြီး လိုက်ရှာကြတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးက ယင်းရွှေဆိုင်မှ တစ်ကျပ်သားအလေးချိန်ရှိ ရွှေဆွဲကြိုး ၅ ကုံး ခိုးယူသွားခဲ့ကြောင်း အထက်ပါ မြို့ခံက ဆိုသည်။
ရွှေဆိုင်ပိုင်ရှင်၏ တိုင်ကြားချက်အရ စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲများက လိုက်လံရှာဖွေရာ ရွှေခိုးသည့် အဆိုပါအမျိုးသမီးနှစ်ဦးအပါအဝင် ၆ ဦးပါသည့် အဖွဲ့ကို အခင်းဖြစ်သည့်နေ့ မွန်းလွဲပိုင်းတွင် အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ခိုးထားသည့် ရွှေများနှင့်အတူ ဖမ်းမိကြောင်း ကော့သောင်းမြို့ခံနောက်တစ်ဦးက ပြောသည်။
အဆိုပါ ရွှေခိုးသူများကို ကော့သောင်းမြို့မရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရပြီး နောက်ဆက်တွဲအခြေအနေကို မသိရကြောင်း ၎င်းက ဆိုသည်။
အဆိုပါအဖွဲ့တွင် အမျိုးသမီးငါးဦးနှင့်အတူ အမျိုးသားတစ်ဦးပါဝင်ပြီး ရွှေဆိုင်များတွင် အုပ်စုဖွဲ့လိုက်ခိုးနေကြောင်း၊ မြို့မဈေးကြီးရှိ ရွှေဆိုင်များအပါအဝင် မြို့ပေါ်ရှိ အခြားရွှေဆိုင်များတွင် လိုက်လံခိုးယူနေသည်ဟု ကြားသိရကြောင်း အထက်ပါမြို့ခံက ဆိုသည်။
“သူတို့က လိုက်ခိုးနေတာ ကြာပြီဖြစ်မယ်။ လက်တော်တော်ယဉ်နေပြီ။ ကော့သောင်းက ရွှေဆိုင်တွေမှာ ရွှေပျောက်တာ ခဏခဏကြားရတယ်။ တရားခံမပေါ်ဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။
သို့သော် ယင်းအခြေအနေနှင့်ပတ်သက်၍ ကော့သောင်းရဲစခန်းက ထုတ်ပြန်ခြင်း မရှိသေးသဖြင့် အသေးစိတ်မသိရသေးသလို အဆိုပါပြောဆိုချက်များကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကော့သောင်းမြို့က ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး ရနောင်းမြို့နှင့် ပါချန်မြစ်တစ်ခုခြားထားသည်။







