ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နယ်ကျော်ငါးဖမ်း၍ ထောင်ချခံရသည့်ထိုင်းလှေပေါ်မှ မြန်မာရေလုပ်သားများ လွတ်ငြိမ်းဖြင့် ပြန်လွတ်

May 1, 2026

ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရပြီး ထောင်ဒဏ်လေးနှစ်စီ ချမှတ်ခံထားရသည့် မြန်မာရေလုပ်သား ၂၆ ဦး စစ်အစိုးရလွတ်ငြိမ်းဖြင့် ဧပြီလ ၃၀ ရက်နေ့က ပြန်လွတ်လာကြောင်း ရေလုပ်သားမိသားစုဝင်အချို့ထံမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ဇာဒက်ကြီးကျွန်းဝန်းကျင်ရှိ သံကျွန်းအနီးတွင် နယ်ကျော်ပြီးငါးဝင်ဖမ်းမှုကြောင့် ထိုင်းငါးဖမ်းလှေ(ဝါတန်း) ကို စစ်အာဏာရှင်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသားရေလုပ်သား ၄ ဦးကို ဖမ်းဆီးခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလ ၁၆ ရက်တွင် ကော့သောင်းတရားရုံးက မြန်မာရေလုပ်သား ၂၇ ဦးကိုထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပြီး ထိုင်းရေလုပ်သား ၄ ဦးကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့သည်။

ထိုနောက် ကော့သောင်းအကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံရထားရသည့် ထိုင်းလူမျိုးငါးဖမ်းလုပ်သား ၄ ဦးကိုလွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ်မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဧပြီလ ၃၀ ရက်(ကဆုန်လပြည့်နေ့) စစ်အစိုးရက လွတ်ငြိမ်းပေးရာတွင် မြန်မာရေလုပ်သား ၂၇ ဦးအနက် ၂၆ ဦး ပြန်လွတ်လာကြောင်း ထောင်ကျခံနေရသည့် ရေလုပ်သားတစ်ဦး၏ အစ်မဖြစ်သူက ဆိုသည်။

“ကော့သောင်းမှာပဲရှိသေးတယ်။ သူတို့သူဌေး(လှေရှင်)က ဘာတာဝန်ယူမှုမှ မရှိဘူး။ အစကတော့ လွတ်ရင်လာကြိုမယ် လို့ ပြောတယ်။ သူတို့အဖွဲ့တွေကတော့ အသီးသီးကိုယ့်အိမ်ကို ပြန်ကြတာပေါ့။ ပြန်တာကတော့ လောလောဆယ် လွတ်လွတ်လပ်လပ်ပဲ ပြန်လို့ရတယ်။ ဒါပေမဲ့ ပုံသေတော့ တွက်လို့မရဘူးလေ”ဟု ဧပြီလ ၃၀ ရက်နေ့က Dawei Watch ကို ပြောသည်။

ရေလုပ်သားတစ်ဦးကမူ ဖမ်းဆီးခံရချိန်က လက်ကိုင်ဖုန်းအတွင်း နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ တွေ့သည်ဟုဆိုကာ ထောင်ဒဏ်ထပ်တိုး အမိန့်ချထားသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

“တစ်ယောက်ကတော့ ကျန်ခဲ့တယ်။ နှစ်ထပ်တိုးထားတယ်လို့ ပြောတယ်။ ၁၀ နှစ်ထပ်တိုးထားတယ်ကြားတယ်။ နိုင်ငံရေးအမှုရှိတယ်တဲ့”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးထောင်ချခံရသည့် မြန်မာရေလုပ်သားများကို အလုပ်ရှင်(လှေပိုင်ရှင်) ဖြစ်သူက ထောက်ပံ့မှုတစ်စုံတစ်ရာ မပေးဘဲ ပစ်ပယ်ထားပြီး တာဝန်ယူမှုလုံးဝမရှိကြောင်း ရေလုပ်သားမိသားစုဝင်အချို့က ပြောဆိုကြသည်။