မြိတ် မဇောကျေးရွာအုပ်စုတွင် စစ်မှုထမ်းအတွက် ရွာနှစ်ရွာကို ကျပ်သိန်းငါးဆယ် ခြိမ်းခြောက်ကောက်ယူ
Dawei Watch
September 19, 2025မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းအတွက်ဟုဆိုကာ ကျေးရွာနှစ်ရွာတွင် ငွေကျပ်သိန်းငါးဆယ် ခြိမ်းခြောက်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၆ရက်က မဇောကျေးရွာအုပ်စုရှိ တောတန်းရွာနှင့် အရှေ့တောင်ရွာရှိ ပြည်သူများထံမှ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါငွေကြေးကို ရပ်မိရပ်ဖများကို ကောက်ခံခိုင်းနေခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ထောင်စုအရေအတွက်နှင့် တွက်ချက်ပါက အိမ်ထောင်စုတစ်ခုလျှင် ငွေကျပ်ရှစ်သောင်းစီ ပေးဆောင်ရမည်ဟု ပြောကြောင်း ၎င်းက ဆိုသည်။ “ငွေမပေးရင် စစ်တပ်ကိုခေါ်ပြီး လာဖမ်းခိုင်းမယ်လို့ပြောတယ်။ အရင်လကပဲ စစ်မှုထမ်းမဲပေါက်တဲ့ ကလေးတစ်ယောက် အတွက် ဝိုင်းထည့်ပေးလိုက်သေးတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ပြီးခဲ့သည့်လက စစ်မှုထမ်း မဲပေါက်သည့်လူငယ်အတွက် လူစားထိုးစေလွှတ်ရန်ဟုဆိုပြီး ငွေကျပ် ၁၄ သိန်းတောင်ခံသဖြင့် ရွာသားများ ဝိုင်းဝန်းပြီးစုဆောင်းကာ ပေးဆောင်လိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။ […]


