ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်နံဘေး ကျောက်လုံးကြီး စစ်အာဏာရှင်တပ်စခန်းကို KNLA နှင့် မဟာမိတ်များသိမ်းယူ

May 30, 2026

ပုံစာ- ကျောက်လုံးကြီးစခန်းကို သိမ်းယူရာတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ။ဓာတ်ပုံ - KNU

တနင်္သာရီမြို့နယ် ကျောက်လုံးကြီးကျေးရွာအုပ်စုတွင်ရှိသည့် စစ်အာဏာရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ်များက သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ယနေ့ မေလ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

တနင်္သာရီမြစ်နံဘေးရှိ ကျောက်လုံးကြီးစခန်းကို မေလ ၂၉ ရက် ညနေ ၄ နာရီတွင် KNU ၊ တပ်မဟာ(၄) ဗျူဟာအမှတ် (၁) ဦးဆောင်မှုဖြင့် K.N.D.Oတပ်ရင်း (၇) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ဖော်ပြသည်။

စစ်အာဏာရှင်တပ်သားများသည် တပ်စခန်းအပြင် ကျေးရွာအတွင်း နေအိမ်၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စသည့် နေရာအများစုတွင်လည်း နေရာယူတပ်စွဲခဲ့သည်ကို တွေ့ရကြောင်း KNU ၊ မြိတ်-ထားဝယ်ခရိုင် ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ပြောသည်။

ကျောက်လုံးကြီးစခန်းသည် စစ်အာဏာရှင်တပ်၊ ကမ်းရိုးတန်းတိုင်းစစ်ဌာန‌ချုပ်၊ အမှတ် (၂) ဗျူဟာမှ နှစ်ပေါင်း (၂၀) ကျော်တပ်စွဲထားသည့် စစ်ဗျူဟာစခန်းတစ်ခုဖြစ်သည်။

သို့သော် ၂၀၂၄ခုနှစ် ဇွန်လတွင် တနင်္သာရီမြစ်နံဘေးရှိ စစ်အာဏာရှင်တပ်၏ “အောင်သာဝရစခန်း” ကို တော်လှန်ရေး တပ်များက သိမ်းယူရရှိစဉ် ကျောက်လုံးကြီးစခန်းကို စစ်အာဏာရှင်တပ်သားများက စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ပြန်တပ်စွဲခဲ့သည်။

ကျောက်လုံးကြီးစခန်းတွင် အမှတ် ၄၃၃ ခြေမြန်တပ်ရင်းက စစ်အာဏာရှင်တပ်သားဦးရေ ၈၀ ခန့် နေရာယူထားပြီး ဗျုဟာ ကာကင်းစခန်းတစ်ခုအနေဖြင့် ထားရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဆိုသည် ။

“တိုက်ပွဲက ဆယ်ရက် (မေလ ၁၉ ရက်မှ ၂၉ ရက်အထိ) ဖြစ်တယ် ။ အရှင်ဖမ်းမိတဲ့သူ မရှိဘူး။ အကုန်ထွက်ပြေးကြတယ်” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲဖြစ်နေစဥ်အတွင်း စခန်းနှင့်အနီးဝန်းကျင် ကျေးရွာများဖြစ်သည့် ဖားကွင်းနှင့် ကင်းနီကျွန်း ကျေးရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် ကျေးရွာစာသင်ကျောင်း ပျက်စီးခဲ့သေးသည် ။

ကျောက်လုံးကြီးစခန်းတွင် မြေမြှုပ်မိုင်းများ အပါအဝင် စစ်လက်နက်ပစ္စည်းအမြောက်အများ သိမ်းဆည်းရမိကြောင်း KNU က ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။

တနင်္သာရီမြစ်ကြောတစ်လျှောက်တွင် ခဲသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကွက်များရှိပြီး ကျောက်လုံးကြီးစခန်းက စစ်အာဏာရှင်တပ်သားများသည် တစ်ခါတစ်ရံ ရေကင်းချကာ မြစ်အတွင်းစစ်ဆေးမှုလည်း ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ရေးအတွက် ရေလမ်းကိုလည်း အသုံးပြုနိုင်သဖြင့် ကျောက်လုံးကြီးစခန်းသည် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးအင်အားစု နှစ်ဖက်စလုံးအတွက် အရေးပါကြောင်း ဒေသခံများက ဆိုသည်။