လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။
ကဒက်ကြီးကျေးရွာထဲရှိ ခြေတော်ရာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်သည် ကျောင်းထဲမှ ရွာထဲသို့ စစ်ကြောင်းထိုးထွက်လာချိန် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယနေ့ မေလ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“တိုက်ပွဲဖြစ်ချိန်ဆို ကျွန်မတို့ ပြေးလို့မမီတော့ဘူး။ အိမ်ထဲမှာပဲ ဘုရားတပြီး ဝပ်နေလိုက်ရတယ်“ ဟု တိုက်ပွဲဖြစ်ချိန် ရွာထဲ ပိတ်မိခဲ့သူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီကျော်တွင်မူ လက်နက်ကြီးပေါ်ကွဲသံများ ကဒက်ကြီးရွာဘက်က ထွက်ပေါ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့နယ်ရှိ စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ ကျေးရွာတို့ကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေပြီး မေလ ၂၈ ရက်တွင် ကဒက်ကြီးကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် ကဒက်ကြီးရွာရှိ ရန်ကင်းတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် ရွာထဲရှိ ခြေတော်ရာဘုန်းကြီးကျောင်းတို့တွင် တပ်စွဲခဲ့သည်။
ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တို့က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း လက်နက်ကြီးဖြစ် ပြန်လည်ပစ်ခတ်ခဲ့သည်။
ထို့နောက် စစ်အာဏာရှင်တပ်သည် ၎င်းတို့ တပ်စွဲထားသော ခြေတော်ရာဘုန်းကြီးကျောင်းအနီးရှိ အရပ်သားနေအိမ် ခြောက်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရန်ကင်းတောင်ပေါ်ရှိ ဘုန်ကြီးကျောင်းသို့ ပြန်တက်သွားခဲ့သည်။
မေလ ၂၉ ရက် တစ်ရက်လုံး မည်သည့်လှုပ်ရှားမှုမှ မရှိတော့ဘဲ နှစ်ဖက်စလုံးငြိမ်နေခဲ့ပြီး ညသန်းခေါင်အချိန်တွင်မူ စစ်အာဏာရှင်တပ်သည် ရန်ကင်းတောင်ပေါ်မှ ရွာထဲရှိ ခြေတော်ရာ ဘုန်းကြီးကျောင်းသို့ နောက်တစ်ကြိမ်လာရောက် တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းနောက် နံနက် ၁၀ နာရီခန့်တွင်မူ စစ်အာဏာရှင်တပ်သည်ခြေတော်ရာဘုန်းကြီးကျောင်းမှ ရွာထဲသို့ထွက်လာချိန် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာပေါင်း တစ်ဆယ်ကျော်က ဒေသခံထောင်ချီ မိုးရေထဲ စစ်ဘေးရှောင်နေကြရသည်။







