ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် ကလေး နှစ်ဦး ရေနစ်သေဆုံး

May 30, 2026

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် မေလ ၂၉ ရက် နံနက်ပိုင်းက အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။

ကလေးများ ပျောက်နေသဖြင့် မိဘများက လိုက်လံရှာဖွေရာ လယ်ကွင်းပြင်အတွင်း ရေနစ်သေဆုံးနေသည်ကို တွေ့ရကြောင်း ရွာသားတစ်ဦးက ပြောသည်။

ရွာအနီး ရေပြည့်နေသော လယ်ကွင်းပြင်၌ ရေကစားကြရင်း ရေနစ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

သေဆုံးသည့် ကလေးများ၏ ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ရန်တောင်ရွာ သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

မေလ ၂၇ ရက်ကလည်း ပုလောမြို့နယ်ရှိ ကျောက်လိပ်ရေတံခွန်တွင် ရေကစားသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။

ယခု မိုးဦးကျကာလ မေလအတွင်း၌ပင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ ငါးဦး ရှိနေပြီဖြစ်သည်။

မိုးကာလတွင် ရေကြီးရေလျှံမှုများနှင့်အတူ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်း၊ မြွေကိုက်ခံရခြင်း စသည့် အန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် ရေကြီးရေလျှံကာ ရေလွှမ်းထားသည့် နေရာများကို လမ်းလျှောက်ခြင်း၊ ယာဉ်တစ်ခုခုဖြင့် ဖြတ်သန်းခြင်း မပြုလုပ်သင့်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် သတိပေးထားသည်။