ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မိကျောင်းလှောင်းရွာသစ်တွင် ကလေးအသတ်ခံရမှု တရားခံဆိုသူကို ရွာသားများ ဝိုင်းဖမ်း

April 30, 2026

ပုံစာ - တရားခံဆိုသူအား ရွာသားများက ဖမ်းဆီးလာစဉ်။ ဓာတ်ပုံ - Sby Sby video's screenshot.

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး မိကျောင်းလှောင်းရွာသစ်တွင် ကလေးငယ်တစ်ဦး အသတ်ခံရမှုတွင် ကျူးလွန်သည်ဆိုသော တရားခံဆိုသူအမျိုးသားတစ်ဦးကို ဧပြီလ ၂၉ ရက် ညပိုင်းတွင် ရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာပတ်ဝန်းကျင်ရှိ နေအိမ်တစ်ဆောင်အနီး ပုန်းအောင်းနေစဉ် ရွာသားတစ်ဦးက တွေ့ရှိခဲ့သဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြကာ ယင်းအမျိုးသားကို ကလိန်အောင်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ရွာသားများက ဆိုသည်။

ပြစ်မှုကျူးလွန်သူဟု ဆိုသူမှာ ကိုငယ် (ခ) ဦးငယ် ဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်ခန့်က မိသားစုနှင့်အတူ မိကျောင်းလှောင်ရွာသို့ လာရောက်ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ပုလောဒေသခံတစ်ဦး ဖြစ်သည်။

“သူက ထိုင်းကနေ ကျန်းမာရေးမကောင်းဘဲ ပြန်လာတယ်၊ ပြီးတော့ ရွာကိုရောက်လာတယ်။ ထိုင်းကပြန်လာပြီး တစ်နှစ်လောက် အိမ်ထဲကအိမ်ပြင် လုံးဝမထွက်ဘူး။ နောက်မှ ရွာထဲကကလေးတွေနဲ့ ပေါင်းတယ်။ အခုသေတဲ့ကလေးနဲ့လည်း ရင်းနှီးတယ်။ ကလေးတွေကလည်း သူမှသူ၊ ကလေးဗိုလ်လိုမျိုး ဖြစ်နေတာ” ဟု ဖမ်းဆီးခံရသည့် အမျိုးသား၏ အခြေအနေကို ရွာသားတစ်ဦးက ပြောသည်။

ကလေးငယ်အား သတ်ဖြတ်ခဲ့ကြောင်း ယင်းအမျိုးသားက ဝန်ခံခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကိုမူ မေးမြန်းရာတွင် ဖြေကြားခြင်းမရှိကြောင်း ဝိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်သည့် ရွာသားများထံမှ သိရသည်။

ဧပြီလ ၂၈ ရက် ညနေပိုင်းတွင် မိကျောင်းလှောင်းရွာသစ်မှ အသက် ၁၂ နှစ်အရွယ် မောင်ကျော်လင်းထွေးသည် နေအိမ်အနီး ချောင်းစပ်တွင် ငါးရှာသွားရင်း ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာ အချက် ၃၀ ထက်မနည်းဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရွာသားများက ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကို ကျေးရွာသုသာန်၌ ယနေ့ ဧပြီလ ၃၀ ရက်တွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။