ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်-မောင်းမကန်လမ်းပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပြီး နှစ်ဦးဒဏ်ရာရ

April 30, 2026

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်းရေးအဖွဲ့

ထားဝယ်-မောင်းမကန်လမ်းပိုင်းတွင် ဧပြီလ ၂၉ ရက်က မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ခရီးသွားဒေသခံများထံမှ သိရသည်။

မောင်းမကန်ကျေးရွာဘက်မှ ထားဝယ်မြို့ဘက်သို့ ငါးပုံးများ တင်ဆောင်လာသည့် Light Truck မော်တော်ယာဉ်ငယ်မှာ ဧပြီလ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ထားဝယ်-မောင်းမကန်လမ်းပိုင်းရှိ စန္ဒကူးမြိုင်လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းကာ မြေထိန်းနံရံကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး လိုက်ပါလာပြီး ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ယာဉ်မောင်းမှာက ဘာဒဏ်ရာမှ မရဘူး။ အမျိုးသမီးမှာက ဝင်ဆောင့်မိတော့ မျက်နှာမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ ကလေးက ဦးခေါင်း မှန်စနည်းနည်း စူးမိပြီး သွားကျိုးသွားတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယာဉ်မတော်တဆမှု သတင်းကြောင့် ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ကယ်ဆယ်ရေးယာဉ်တစ်စီး၊ လူနာတင်ယာဉ် သုံးစီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် လူနာနှစ်ဦးကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် ညနေပိုင်းကလည်း ထားဝယ်မြို့လယ် လမ်းဆုံကြီးမီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဇနီးမောင်နှံနှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။