အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှု လပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယင်းကြောင့် ရေနံဈေးနှုန်းများမှာ လေးနှစ်ကျော်ကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရုတ်ချည်းမြင့်တက်သွားခဲ့သည်။
အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းက အီရန်ကို ဗုံးကြဲတိုက်ခိုက်ခြင်းထက် ပိုထိရောက်ကြောင်း သမ္မတထရမ့်က အင်္ဂါနေ့တွင် ရေနံလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် သမ္မတထရမ့်က ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်စေရေး ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးက ဆိုသည်။
လိုအပ်ပါက အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်ရေတပ်၏ လက်ရှိပိတ်ဆို့ထားမှုကို လပေါင်းများစွာ ဆက်လက်လုပ်ဆောင်သွားရန်လည်း သမ္မတထရမ့်က ဆွေးနွေးပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။
အမေရိကန်စားသုံးသူများအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုနှင့် ပတ်သက်၍ သမ္မတထရမ့်က “သူတို့(အီရန်)တွေ တော်တော်အသက်ရှူကျပ်နေပြီ။ ရှေ့လျှောက် သူတို့အတွက် ပိုဆိုးဖို့ပဲ ရှိမယ်”ဟု Axios သတင်းဌာနကို ပြောကြားခဲ့သည်။
သမ္မတထရမ့်၏ အဆိုပါ မှတ်ချက်ကြောင့် စက်သုံးဆီဈေးနှုန်း ၇.၆ ရာခိုင်နှုန်းခန့် သိသိသာသာ မြင့်တက်လာခဲ့ပြီး ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် တစ်စည်လျှင် ၁၁၉ ဒသမ ၆၉ ဒေါ်လာအထိ ရောက်ရှိလာခဲ့သည်။
အီရန်နှင့် အမေရိကန်အကြား သံတမန်ရေးအရ ဆွေးနွေးမှုများမှာ အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ ရှေ့မတိုး နောက်မဆုတ် အခြေအနေဖြစ်နေစဉ် သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲပြန်စလျှင် အထိအခိုက်များသည့် နောက်ဆက်တွဲများ ရှိလာမည်ဖြစ်ကြောင်း သမ္မတပူတင်က သမ္မတထရမ့်အား သတိပေးခဲ့သည်။
Source: AFP







