ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထိန်ကြီးကျေးရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်း ရောက်ရှိနေသောကြောင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
အင်အား ၈၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လက်နက်အပြည့်အစုံဖြင့် ထိန်ကြီးကျေးရွာသို့ ဇန်နဝါရီလ ၂၈ ရက် နံနက်စောစောပိုင်းတွင် စတင်ရောက်ရှိလာကြောင်း ဒေသခံများက ဆိုသည်။
ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအတွက် ရေဖြူမြို့နှင့် ရေနက်ဆိပ်ကမ်း ယာယီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဖြူမြို့နယ် မူးဒူးကျေးရွာတွင် လုံခြုံရေးယူခဲ့ပြီး အဆိုပါ စစ်ကြောင်းမှာ ထိန်ကြီးကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက်အထိ ထိန်ကြီးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲ နေထိုင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အခုဆို သူတို့ရောက်နေတာ သုံးရက်ရှိပြီ။ ကားတွေ တားပြီး ငါးတွေ၊ ပုစွန်တွေ ယူခဲ့တာတွေ တော့ရှိတယ်။ ရက်ကြာ လာတော့ ရွာထဲ တိုက်ပွဲဖြစ်မှာစိုးရိမ်နေရတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေ အများကြီးရှိနေသေးတယ်။ လူရွယ်တွေ ကတော့ တိုက်ပွဲဖြစ်မှာစိုးလို့ဆိုပြီး ရှောင်သွားကြပြီ။ တော်ကြာ ဒရုန်းပဲ လာကျမလား စိုးရိမ်နေရတယ်” ဟု ဒေသခံက အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်း ရှေ့ဆက်ထိုးလာမည်ကို ထိန်ကြီးရွာနှင့် တစ်ဆက်တည်း ရှိသည့် လဲရှောင်နှင့် ပရဒပ်ကျေးရွာတို့မှ ဒေသခံများလည်း စိုးရိမ်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းအပြင် လောင်းလုံးမြို့နယ်မှ ရေဖြူမြို့နယ် နဘုလယ်ဒေသသို့ သွားရောက်သည့် လမ်းပိုင်းဖြစ်သည့် မောင်းမကန် ကျေးရွာလမ်းဆုံတွင်လည်း စစ်အာဏာရှင်တပ်စစ်ကြောင်း တစ်ကြောင်းမှာ ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းကစပြီး ရောက်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုစစ်ကြောင်းမှာ အင်အား ၁၀၀ ဝန်းကျင်ရှိပြီး လက်ရှိ မောင်းမကန်လမ်းဆုံးအနီးရှိ လေသာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကာ မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။







