ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် နေအိမ်များကို ထုရိုက်ဖွင့်၍ ပစ္စည်းများ သယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သော မေလ ၁၉ ရက်နေ့မှစကာ မြို့တွင်းရှိ နေအိမ်အကုန်လုံးနီးပါးကို ထုဖွင့်၍ ဆိုင်ကယ်များ၊ မော်တော်ကားများနှင့် အခြားပစ္စည်းများကို ယူဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
“အကုန်လုံးနီးပါးကို ဖောက်ပြီးယူနေတယ်။ ဆိုင်ကယ်တွေလည်း အကုန်ယူ၊ ကားတွေရော စားစရာတွေရော အကုန်ယူတယ်။ အရင်တစ်ခေါက် (တော်လှန်ရေးတပ်က) သိမ်းတုန်းက နည်းနည်းပါးပါးဆိုတော့ တော်သေးတယ်။ အခုက ပိုဆိုးနေတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ထို့ပြင် စစ်အာဏာရှင်တပ်က အိမ်ရှေ့တံခါးများကို အရင်ဖောက်ထွင်းပြီးနောက် မြို့အတွင်း၌ ကျန်ရှိနေသည့် ဒေသခံများကိုလည်း ပစ္စည်းများ ဝင်ရောက်ယူဆောင်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အိမ်တွေကို ထုဖွင့်ပြီး သူတို့ဝင်ယူလိုက်တယ်။ ပြီးရင် သူတို့က မြို့ထဲရှိနေတဲ့လူတွေကို လိုချင်တာ စိတ်ကြိုက်ဝင်ယူလို့ ပြောတယ်။ လူတွေလည်း ဝင်သယ်ကြတယ်။ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ အကုန်ဖောက်ခံနေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်သည် မောတောင်မြို့ ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် ဒေသခံများနှင့် စစ်ဘေးရှောင်များကို ၎င်းတို့နှင့်အတူ နေထိုင်ခွင့်ပြုထားပြီး မြို့ထဲ၌ပင် ဆက်လက်နေထိုင်ခိုင်းထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။







