ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် လဲရှောင်ကျေးရွာသို့ မေလ ၂၈ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်လာပြီးနောက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲနေကြောင်း ဒေသခံများက ပြောသည်။
မေလ ၂၈ရက် ညနေ ၃နာရီကျော်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“နှစ်လုံးကျတယ်။ စံကင်းဘုန်းကြီးကျောင်းနားမှာ တစ်လုံးနဲ့ ဆေးခန်းနား တစ်လုံးကျတယ်” ဟု ၎င်းက ပြောဆိုသည်။
ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် နှစ်ကြိမ်ပြန်လည်ပစ်ခတ်ပြီး ဒေသခံများ ထိခိုက်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။
စစ်အာဏာရှင်တပ်သည် ယနေ့ မေလ ၂၉ ရက် နံနက်အစောပိုင်းတွင် လဲရှောင်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
စစ်ကြောင်းဝင်ချိန် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ၎င်းတို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် မေလ တတိယပတ်ကစပြီး ထားဝယ်ခရိုင်တွင် တပ်ဖြန့် စစ်ကြောင်းထိုးနေကာ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်တို့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။







