ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ် ဒရုန်းဗုံးချခံရပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

May 29, 2026

ပုံစာ - ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် (ပုံဟောင်း)

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က မေလ ၂၈ရက် မွန်းလွဲပိုင်းကစပြီး ထားဝယ်မြို့၏ အရှေ့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပေါက်တိုင်းတံတားဂိတ်နှင့် မြို့တော်ခန်းမအနီးဝန်းကျင်တို့တွင် မေလ ၂၇ရက် နံနက်ပိုင်းက ဒရုန်းဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။ မြို့တော်ခန်းမသည် တိုင်းရဲတပ်ဖွဲ့မှူးရုံးအနီးတွင် တည်ရှိသည်။

ပေါက်တိုင်းတံတားဂိတ်အနီး ဗုံးနှစ်လုံးနှင့် မြို့တော်ခန်းမအနီး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့ က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် ၃၄ တို့၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံထံ ဆက်သွယ်မေးမြန်းရာ ယခုရက်ပိုင်းအတွင်း ထားဝယ်မြို့အနီးဝန်းကျင်၌ အဆိုပါ ဗျူဟာနှစ်ခု၏ ကွပ်ကဲမှုအောက်ရှိ တပ်များက စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ဖြေကြားသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်သည် အင်အား ၈၀ခန့်ဖြင့် မေလ ၂၈ရက် နံနက်ပိုင်းမှစပြီး ပေါက်တိုင်းတံတား၏ အရှေ့တောင်ဘက်တွင်ရှိသော ရှမ်းမတွင်း၊ တောနားကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“မနေ့ကစပြီး စစ်ကြောင်း စထိုးတယ်။ ဒီနေ့ကတော့ ဘာသတင်းမှ မရသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင်လည်း မေလ ၂၈ ရက်ကစပြီး အစစ်အဆေး တင်းကျပ်လျက်ရှိ ကြောင်း ခရီးသွားဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ဆိုသည်။

“အစစ်အဆေးကြမ်းနေတယ်။ ဆိုင်ကယ်တွေ အားလုံးကို အဖုံး (နောက်ဖုံး) လှန်ပြီး စစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်၏ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) တည်ရှိရာ ထားဝယ်မြို့အနီးရှိ သပြေချောင်းရွာ ဝန်းကျင်တွင်လည်း မေလ ၂၇ရက် နေ့လယ်ပိုင်း၌ ဒရုန်းတစ်စီး ပျက်ကျခဲ့ပြီး စစ်အာဏာရှင်တပ်သားများက လာသိမ်း သွားကြောင်း ရွာသားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် မေလနှောင်းပိုင်းမှစ၍ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းစသည့် မြို့နယ်များကို အင်အားအများအပြား အသုံးပြု၍ စစ် ကြောင်းထိုးနေသည်။

စစ်ကြောင်းသည် ပေါ်လိုက် ပျောက်လိုက် ပုံစံမျိုးဖြင့် စစ်ကြောင်းထိုးနေသဖြင့် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ခန့်မှန်းရခက်ကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းကို လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သော ကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံထောင်နှင့်ချီ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်။