ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး၊ ကဒက်ကြီးရွာရှိ နေအိမ်ခြောက်ဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့

May 29, 2026

လောင်းလုံးမြို့နယ်၊ အောက်ဘက်ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်အာဏာရှင်တပ်က ကဒက်ကြီးကျေးရွာရှိ ဒေသခံနေအိမ် ခြောက်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေရာ မေလ ၂၈ ရက်တွင် ကဒက်ကြီးကျေးရွာသို့ တောလမ်းအတိုင်း ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ရွာသို့ ရောက်လာသည့် စစ်အာဏာရှင်တပ်သည် ရန်ကင်းတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် ကနဦးတပ်စွဲပြီးနောက် ထိုမှတစ်ဆင့် ကဒက်ကြီးရွာထဲရှိ ခြေတော်ရာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်အာဏာရှင်တပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၈ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အာဏာရှင်တပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ထိုကဲ့သို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သည် ၎င်းတို့တပ်စွဲထားသည့် ခြေတော်ရာဘုန်းကြီးကျောင်းအနီးရှိ ကဒက်ကြီးရွာမှ နေအိမ် ခြောက်ဆောင်အား မီးရှို့ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးက အားပြင်းတော့ ဝင်ငြှိမ်းလို့လည်း မရဘူး။ (အိမ်မီးလောင်နေတာကို) ဒီအတိုင်း ကြည့်နေရတယ်” ဟု ကိုယ်တိုင်မီးဝင်ငြှိမ်းပေးခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ထပ်တိုက်အိမ်၊ သစ်သားအိမ်၊ ဓနိမိုးဓနိကာနေအိမ် စုစုပေါင်း ခြောက်ဆောင် မီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ထိုသို့ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်အာဏာရှင်တပ်သည် ခြေတော်ရာဘုန်းကြီးကျောင်းမှ ရန်ကင်းတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းဆီသို့ ပြန်သွားကြကြောင်း ဒေသခံတို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် မေလ ၂၀ ရက်မှစတင်ပြီး လောင်းလုံးမြို့နယ်သို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေသဖြင့် စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ကြီး၊ ကြက်ယက်တွင်း၊ သပြေရှောင်၊ သကျက်တော စသည့် ကျေးရွာအုပ်စုရှိ ထောင်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်အာဏာရှင်တပ်သည် တောထဲတွင် တပ်ဖျောက်ပြီး ရွာထဲသို့ ရုတ်တရက် ဝင်ရောက်လာလေ့ရှိသဖြင့် ဒေသခံအမြောက်အမြား ဖမ်းဆီးခံရကြောင်း၊ ဒေသခံများထံတွင် ပါလာသည့် ငွေကြေးနှင့် ရွှေငွေပစ္စည်းများကို အဓမ္မယူဆောင်ကာ လူကိုပြန်လွှတ်ပေးလေ့ရှိသည်။

လူငယ်များကိုမူ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး အထုတ်အပိုးများ ထမ်းခိုင်းသဖြင့် ဆက်လက်အဖမ်းခံထားရသည့် ဒေသခံလူငယ် ဆယ်ချီရှိသေးကြောင်း လွတ်မြောက်လာသူတို့က ပြောဆိုသည်။

လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်မှာ လေကြောင်းရန် ကာကွယ်ရေးစခန်း ရှိသည့် ကဒက်ကြီးကျေးရွာသို့ ရောက်ရှိမှသာ နေအိမ်မီးရှို့ခြင်းကို စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။