မုတ်သုံကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ၁၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ယင်းတို့အနက် ၆ ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်အစိုးရ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
“ဒီနှစ်က လထပ်နှစ်ဆိုတော့ မိုးနောက်တွဲမယ်။ ဆိုတော့ စပါးတွေ အသေအပျောက် များမယ့်နှစ်ပေါ့နော်။ အခုဆို လယ်စောစောလုပ်ဖို့ ပြင်နေကြပြီခင်ဗျာ” ဟု ထားဝယ်မြို့မှ လယ်သမားတစ်ဦးက ပြောသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၁၃ ရက်မှ ၁၈ ရက်အတွင်း စတင်ဝင်ရောက်နိုင်ပြီး၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ ၁၉ ရက်မှ ၂၄ ရက်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်အတွင်း ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။
မုတ်သုံရာသီ၏ မိုးဦးကာလဖြစ်သည့် မေလ ၁၃ ရက်မှ ဇွန်လကုန်အထိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၄ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးလယ်ကာလဖြစ်သည့် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လကုန်အထိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၄ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ဒုတိယအပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ၄ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု သိရသည်။
မေလ ၁၇ ရက်မှ ၂၇ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကရင်၊ မွန်နှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်မည်ဟု မိုးဇလဌာနက ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ၉ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၅ ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းခဲ့သဖြင့် ယခုနှစ်သည် ပြီးခဲ့သည့်နှစ်ထက် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုအကြိမ်ရေ ပိုမိုများပြားမည်ဖြစ်သည်။







