ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ဖမ်းထားသည့် ရမ်းဖိုရွာသူနှစ်ဦး တစ်လနီးပါးကြာသော်လည်း ပြန်မလွှတ်သေး

April 29, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှ သားအမိသုံးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားပြီးနောက် မိခင်ကို ပြန်လွှတ်လိုက်သော်လည်း သမီးနှစ်ဦးကို တစ်လနီးပါးကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂ ရက်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်၌ အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးသွားခဲ့သဖြင့် ဧပြီ ၃ ရက်တွင် မိခင်နှင့် ညီမဖြစ်သူတို့က ရမ်းဖိုရွာမှ မြိတ်မြို့သို့ လိုက်သွားရာ နေအိမ်၌ပင် ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးသုံးဦးမှာ ရမ်းဖိုရွာတွင် နေထိုင်သူများဖြစ်ပြီး မိခင်ဖြစ်သူမှာ အသက် ၅၀ ကျော် အရွယ်ဖြစ်ကာ ဧပြီ ၂၁ ရက်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း အသက် ၂၀ ဝန်းကျင်အရွယ် သမီးနှစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သမီးနှစ်ဦးကို မြိတ်မြို့မရဲစခန်းတွင် ဖမ်းထားပြီး တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဆိုကာ မလွှတ်ပေးသေးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အမေကို လွှတ်ပေးပြီးပေမဲ့ စောင့်ကြည့်နေသေးတယ်။ ခေါ်ထားတဲ့အိမ်က စစ်ဗိုလ်ကတော် အိမ်မှာ ခေါ်ထားတာ။ သမီးနှစ်ယောက်ကတော့ (ဧပြီ ၂၉ ရက်) အခုထိ ပြန်မလွတ်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်နှင့် ဂေါပကများက ဥယျာဉ်ခြံများအတွင်း စစ်ရှောင်နေသည့် ဒေသခံများကို ရွာတွင်းသို့ ပြန်လည်နေထိုင်ရန် ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။