ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် လူသုံးများသည့် တိုင်းရင်းဆေးသုံးမျိုးကို သုံးစွဲရန်မသင့်ကြောင်း ကြေညာ

April 29, 2026

ထားဝယ်ဒေသတွင် သုံးစွဲသူများသည့် တိုင်းရင်းဆေးအမှတ်တံဆိပ် သုံးမျိုးအပါအဝင် ဆေးခုနစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည့် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးအမှတ်တံဆိပ် ခုနစ်မျိုးတွင် ထားဝယ်ဒေသ၌ လူသုံးများသည့် အမှတ်တံဆိပ် သုံးမျိုးအထိ ပါဝင်နေခြင်းဖြစ်သည်။

သုံးစွဲရန်မသင့်ကြောင်း ကြေညာခဲ့သည့် တိုင်းရင်းဆေး ခုနစ်မျိုးမှာ ငွေနတ်သား၊ သစ္စာရှင်၊ မေတ္တာရှင်၊ ဖိုးဘစံ၊ ရွှေဟင်္သာ၊ ရွှေ နှင့် ဝိဇ္ဇာအောင် တိုင်းရင်းဆေးအမှတ်တံဆိပ်တို့ ဖြစ်သည်။

သုံးစွဲရန်မသင့်ဆေးများအနက် ထားဝယ်ဒေသတွင် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးအဖြစ် သုံးစွဲလေ့ရှိသည့် ငွေနတ်သား၊ သစ္စာရှင်နှင့် မေတ္တာရှင် အမှတ်တံဆိပ် တိုင်းရင်းဆေးများလည်း ပါဝင်နေသည်။

အဆိုပါဆေးများတွင် အနောက်တိုင်းဆေးဝါးများဖြစ်သည့် Paracetamol နှင့် Diclofenac (ဒိုင်ကလိုဖန်းနက်) ဆိုသော အကိုက်အခဲပျောက်ဆေးများ ရောစပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စံမညီတိုင်းရင်းဆေးဝါးများဖြစ်ပြီး သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ကြေညာချက်တွင် ဖော်ပြထားသည်။

“ဆုံးသွားတဲ့ ကျွန်မအဒေါ်တစ်ယောက်ဆိုရင်လည်း အဲဒီဆေးတွေ စွဲစွဲလမ်းလမ်း သောက်တယ်။ သူက ပျောက်တာလည်း မြန်တယ်၊ တချို့ကလည်း စွဲသွားကြတယ်ပြောတယ်။ သောက်ကြတာက ပျောက်တာမြန်လို့ သောက်ကြတာများတယ်” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သစ္စာရှင်တိုင်းရင်းဆေးတွင် ရောစပ်ထားသည့် အနောက်တိုင်းဆေး Diclofenac သည် နာကျင်မှုသက်သာစေပြီး အရောင်ကျစေကာ ခွဲစိတ်ပြီးစလူနာများကို နာကျင်မှုသက်သာစေရန် အသုံးပြုကြောင်း ဆေးအညွှန်းများအရ သိရသည်။

အဆိုပါဆေးအမျိုးအစား၏ ဘေးထွက်ဆိုးကျိုးမှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် အစာအိမ်လမ်းကြောင်းအနာနှင့် သွေးယိုစိမ့်မှု ဖြစ်စေနိုင်သဖြင့် အစာအိမ်ရောဂါရှိသူများကို မသုံးစွဲရန် တားမြစ်ထားသည်။

“ငွေနတ်သားတို့၊ သစ္စာရှင်တို့၊ မေတ္တာရှင်တို့ကျတော့ ဒီဘက်မှာ လူကြီးလူငယ် သောက်ကြတယ်။ အဖျားပျောက်ဆေးအဖြစ် သုံးတာ။ ဆေးတစ်ထုပ်ကို တစ်ခွက်ပဲ။ ပျောက်တာတော့ တော်တော်မြန်တယ်” ဟု ရေဖြူမြို့နယ်ရှိ နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

ငွေနတ်သားနှင့် မေတ္တာရှင်တိုင်းရင်းဆေးတွင် ရောစပ်ပါရှိသည့် Paracetamol ဆေးမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အရိုးအဆစ် နာကျင်ခြင်းနှင့် ဖျားနာခြင်းတို့တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုရခြင်းဖြစ်သည်။

၎င်းဆေးမှာ လွန်ကဲစွာသောက်သုံးပါက ကျောက်ကပ်၊ အသည်းထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်။

ယင်းသို့ပင် Diclofenac ကို အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးအဖြစ် အသုံးပြုသော်လည်း ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။

အနောက်တိုင်းဆေးများမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း လူနာနှင့်ရောဂါအခြေအနေအပေါ် မူတည်ပြီး သတ်မှတ်ပမာဏဖြင့်သာ သောက်သုံးရသော်လည်း မြန်မာဆေးများတွင် ယင်းသို့ အနောက်တိုင်းဆေးများ ရောထားခြင်းကြောင့် အတိုင်းအဆမရှိ သောက်သုံးမိပြီး အန္တရာယ်ကျရောက်နိုင်သည်။

လက်ရှိတွင် အဆိုပါစံမညီဆေးဝါးများကို ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့ရှိ ဈေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး အရောင်းသွက်သည့် တိုင်းရင်းဆေးများ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းမပြုရန် တားမြစ်ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) နှင့် (၃၂) တို့အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။