ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ယူရေနီယံလောင်စာ ထည့်သွင်းခြင်းလုပ်ငန်းကို ဧပြီ ၂၈ ရက်တွင် စတင်လိုက်သည်။
မဂ္ဂါဝပ် ၂,၄၀၀ ထွက်ရှိမည့် အဆိုပါ စက်ရုံအတွက် ယူရေနီယံလောင်စာထည့်သွင်းခြင်း လုပ်ငန်းစဉ်ကို ရုရှားအဏုမြူစွမ်းအင်လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Rosatom က ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
အဏုမြူစွမ်းအင်သုံး ရူပူလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လူဦးရေ သန်း ၁၇၀ ရှိသည့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၁၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ထားသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တန်ကြေးရှိ အဆိုပါ စက်ရုံကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။
ကနဦးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အနိမ့်ဆုံးအဆင့်မှ စတင်မည်ဖြစ်ပြီး စက်ရုံ၏ အပြည့်အဝ ထုတ်လုပ်နိုင်စွမ်းကို ၂၀၂၇ ခုနှစ် မတိုင်မီအထိ ရရှိနိုင်ဦးမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
လုပ်ငန်းစဉ်တစ်ခုချင်းစီအလိုက် စမ်းသပ်စစ်ဆေးမှုများကို အဆင့်ဆင့်နှင့် စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အချိန်ယူရမည်ဖြစ်သည်။
ယခုနှစ် ဩဂုတ်လတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ခန့် ကနဦး စတင်ထုတ်လွှတ်နိုင်ရန် မျှော်မှန်းထားပြီး ၂၀၂၇ ခုနှစ် နှောင်းပိုင်းတွင် အပြည့်အဝ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့အသုံးပြုနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး အများစုမှာ အရှေ့အလယ်ပိုင်းဒေသမှဖြစ်သည်။
နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကွန်ရက်သည် နွေရာသီအပူရှိန်ပြင်းထန်ချိန်တိုင်းတွင် လျှပ်စစ်စားသုံးမှုများသည့် အဲယားကွန်းများကို အလုအယက် အသုံးပြုကြခြင်းကြောင့် နှစ်စဉ် ဝန်ပိလေ့ရှိသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အခက်အခဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ကန့်သတ်ချက်များမှာ ပိုမိုဆိုးရွားလာလျက် ရှိသည်။
Source: Reuters ၊ AFP






