ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့အနီး မရမ်းချောင်းရွာတွင် တည်ဆောက်ထားသည့် လမ်းအထူးဆောက်လုပ်ရေးအဖွဲ့တစ်ခု၏ ဆောက်လုပ်ရေးပစ္စည်း ထိန်းသိမ်းရေးနှင့် ဝန်ထမ်းအိမ်ရာ (တန်းလျား) ဝင်းတစ်ခု ဧပြီလ ၂၈ ရက် ညနေ ၄ နာရီခန့်က မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဆောက်လုပ်ရေးဝင်းတွင် နေထိုင်သည့် ဝန်ထမ်းများသည် အခြားဒေသတစ်ခုရှိ လမ်းစီမံကိန်းအတွက် သွားရောက်လုပ်ကိုင်နေသဖြင့် မီးလောင်မှုအတွင်း လူထိခိုက်သေဆုံးမှု မရှိကြောင်း ၎င်းတို့က ဆိုသည်။
သို့သော် သစ်သား၊ ဝါးထရံကာ သွပ်မိုးအဆောက်အအုံနှင့် တန်းလျားများအားလုံး မီးထဲပါသွားသည့်အပြင် ဝင်းအတွင်း ရပ်ထားသည့် ကုန်တင်ကားတစ်စီး၊ လမ်းကြိတ်စက်နှင့် လမ်းလုပ်ငန်းသုံး ပစ္စည်းအချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။
လမ်းလုပ်သားဝန်ထမ်းများ မရှိစဉ် သံတိုသံစများ ခိုးယူသူများက သံထည်များကို ဝင်ရောက်ဖြတ်တောက်ရာမှ မီးပွားစင်ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။
“သံတိုသံစ သူခိုးတွေ ခိုးထုတ်ရင်း မီးစကနေ စလောင်တာ။ သူခိုး သုံးယောက်မှာ နှစ်ယောက်ကိုတော့ မိထားတယ်။ အုပ်ချုပ်ရေးမှူးဆီ အပ်လိုက်ပြီ။ တစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ လာခိုးတဲ့သူတွေက နယ်ခံတွေ မဟုတ်ကြဘူး” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောသည်။
ရွာသားများ စုပေါင်းငြှိမ်းသတ်ခဲ့သဖြင့် ညပိုင်းတွင် မီးအရှိန် လျော့ကျသွားပြီ ဖြစ်သော်လည်း မီးလောင်ခဲ့သည့် အဆောက်အအုံဝင်း ဝန်းကျင်တွင်မူ မီးစအချို့မှာ ယနေ့ ဧပြီလ ၂၉ ရက် နံနက်ပိုင်းအထိ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဥယျာဉ်ခြံနှင့် ကျေးရွာဘက်သို့ မီးမကူးစက်စေရန် မီးတားလမ်း ပြုလုပ်ထားရကြောင်း ရွာသားများထံမှ သိရသည်။
ဧပြီလ ၂၁ ရက်ကလည်း ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာတွင် စစ်အာဏာရှင်တပ်က တောမီးရှို့ရာမှ နေအိမ် ၁၀ လုံးကျော် မီးလောင်ခဲ့သေးကြောင်း ယင်းရွာသားများထံမှ သိရသည်။







