ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်လောရွာနှင့် ခြောက်မိုင်ရွာတွင် လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်

April 29, 2026

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ ဘန်လောရွာနှင့်ခြောက်မိုင်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲလေးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဧပြီ ၂၅ ရက်မှ ၂၈ ရက်အထိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်က ဘန်လောရွာသို့ စစ်ကူအင်အား ဖြည့်တင်းပြီးနောက် စစ်ကြောင်းထိုးလာသဖြင့် ဘန်လောရွာနှင့် ခြောက်မိုင်ရွာတို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်ကူကများတယ်။ တိုက်ပွဲက ရက်တိုင်း ဟိုရွာဖြစ်လိုက်၊ ဒီရွာဖြစ်လိုက် ဖြစ်နေတယ်။ တိုက်ပွဲကြမ်းနေတယ်။ လေကြောင်းလည်း လာဝဲတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အသေးစိတ်ကိုမူ မသိရသေးကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်က တိုက်ပွဲများဖြစ်ပွားပြီးနောက် ဘန်လောရွာမှ ညောင်ပင်ကွင်းရွာအထိ လမ်းများကို ပိတ်ဆို့လိုက်ကြောင်း သိရသည်။

“တိုက်ပွဲက သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ ဖြစ်တာရှိသလို ကိုယ့်ဘက်က အရင်သွားပစ်တာတွေလည်း ရှိတယ်။ အချိန်ခဏပဲ ဖြစ်လိုက်နားလိုက်ပဲ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းသို့ အင်အားဖြည့်တင်းထားပြီး မြေတူးစက်များလည်း ရောက်ရှိနေကာ ရဟတ်ယာဉ်ကွင်း ပြုလုပ်နေကြကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီမြို့မှ (၅၆၁) တပ်သို့သွားလျှင် ဘန်လောရွာ၊ ခြောက်မိုင်ရွာနှင့် ငါးမိုင်ရွာတို့ကို ဖြတ်သန်းသွားရကြောင်း အထက်ပါ ဒေသခံများက ပြောသည်။

စစ်အာဏာရှင် (၅၆၁) တပ်ရင်းက နေ့ရောညပါ တိုက်ပွဲငြိမ်သက်နေသည့် အချိန်များတွင်လည်း လက်နက်ကြီးများဖြင့် အနီးနားရှိ ကျေးရွာများသို့ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။