ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလိန်အောင် မိကျောင်းလှောင်းရွာသစ်တွင် ငါးရှာသွားသည့် ကလေးတစ်ဦး အသတ်ခံရ

April 29, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ မိကျောင်းလှောင်းရွာသစ်တွင် ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက ဆယ်ကျော်သက်အရွယ် ကလေးငယ်တစ်ဦး ကလိန်အောင်ချောင်းအစပ်ဝန်းကျင်၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသည့်ကလေးမှာ အသက် ၁၂ နှစ်အရွယ် မောင်ကျော်လင်းထွေး ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“စတုတ္ထတန်း ကျောင်းသားလေးပါ။ ကလေးက လူအေးလေးပါပဲ။ ကျောင်းပိတ်ထားတဲ့ ကာလဆိုတော့ ငါးသွားထိုး (ရှာဖွေ) နေတာ။ မိဘတွေကလည်း ချို့တဲ့တယ်။ ငါးထိုးရာကနေ ပြန်မလာလို့ သွားရှာမှ ချောင်းအစပ်မှာ သေနေတာ တွေ့ရတယ်” ဟု မိကျောင်းလှောင်းရွာသားတစ်ဦးက ပြောသည်။

ညနေ ၆ နာရီခန့်အထိ ငါးရှာရာမှ ပြန်မလာသဖြင့် ရွာသားများ၏ အကူအညီဖြင့် ဝိုင်းဝန်းရှာဖွေကြရာ သေဆုံးသည့်ကလေး၏ နေအိမ်ပတ်ဝန်းကျင်အနီးရှိ ချောင်းစပ်တွင် ထိုးသွင်းဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရွာသားများက ဆိုသည်။

အဆိုပါကလေး၏ ဝမ်းဗိုက်၊ လည်ပင်း၊ ကျောပြင်နှင့် လက်တို့တွင် ဓားဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာ အချက် ၃၀ ခန့် တွေ့ရကြောင်း ရုပ်အလောင်းကို မျက်မြင်တွေ့ရှိရသူ ကလိန်အောင်ဒေသခံတစ်ဦးက ပြောသည်။

ရုပ်အလောင်းကို ကလိန်အောင်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးပြီး ယနေ့ ဧပြီလ ၂၉ ရက် နံနက်တွင် နေအိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

မည်သည့်အကြောင်းရင်းကြောင့် မည်သူက သတ်ဖြတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အထက်ပါ အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကလိန်အောင်မြို့နယ် ရဲစခန်းက လာရောက်စစ်ဆေးမှု ပြုလုပ်ကာ အမှုဖွင့်လှစ်ထားပြီး ယနေ့နံနက်အထိ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရွာသားများက ပြောသည်။

မိကျောင်းလှောင်းကျေးရွာအုပ်စုသည် ရေး-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ကရင်၊ ထားဝယ်၊ မွန်နှင့် ဗမာ တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။