ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ဝင်းဝရွာရှိ နေအိမ်များတွင်တပ်စွဲနေပြီး စခန်းကိုပြန်ဆောက်

April 29, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို စစ်အာဏာရှင်တပ် အခိုင်အမာ ပြန်လည်ဆောက်လုပ်နေပြီး လက်ရှိတွင် အရပ်သားနေအိမ်များ၌ တပ်စွဲထားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များ တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက် မတ်လ ၁၁ ရက်တွင် သိမ်းယူခဲ့သည်။ ယင်းနောက် ရက် ၂၀ ခန့် အကြာ မတ်လ ၃၁ရက်တွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

လက်ရှိတွင် စစ်အာဏာရှင်တပ်သည် နေအိမ်များတွင် ဘန်ကာသဖွယ်ပြုလုပ်ကာ နေထိုင်နေပြီး ဝင်းဝစခန်းတွင်လည်း ဘန်ကာများ အခိုင်အမာပြန်လည်တည်ဆောက်နေကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ရွာက အိမ်တွေမှာ တပ်စွဲထားတာ မနည်းဘူး။ ရွာသားတွေလည်း ရွာထဲပြန်ဝင်ပြီး မနေရဲသေးဘူး။ အိမ်တွေမှာတောင် ဘန်ကာပုံစံမျိုးတွေ ဆောက်လုပ်ပြီး နေနေတယ်လို့ကြားတယ်” ဟု ဝင်းဝရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့ဘက်မှ ဘိလပ်မြေ၊ သွပ်၊ သံ၊ သဲများကို ကားလေးစီးဖြင့် တင်ဆောင်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် ဧပြီလ ၂၀ ရက်တွင် ဝင်းဝစခန်းကိုရောက်ရှိလာကြောင်း ဒေသခံအချို့က ဆိုသည်။

“သူတို့ဆင်းလာတုန်းက ပိတိုင်မှာ ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ခဲ့သေးတယ်။ အဲဒီကနေမှ ပြင်းဖြူကြီးရွာမှာ လာနေ သွားတယ်။ ရွာမှာလာနေချိန် သူတို့ပစ်ခတ်ခံရရင် ကျည်ဆန်တစ်တောင့် အိမ်တစ်လုံးပြာကျမယ်လို့ ခြိမ်းခြောက်ခဲ့တယ်” အထက်ပါဒေသခံက အမျိုးသမီးက ပြောဆိုသည်။

ပိတိုင်နှင့် ပြင်းဖြူကြီးကျေးရွာတို့မှာ သရက်ချောင်းမြို့နှင့် ဝင်းဝစခန်းကြား လမ်းပိုင်းတွင် ရှိသည့် ကျေးရွာများဖြစ်သည်။

တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းယူစဉ် ဖျက်ဆီးထားခဲ့သည့် ဝင်းဝစခန်းရှိ နေရာတွင် စစ်အာဏာရှင်တပ်က ဘန်ကာများကို ပြန်လည်ဆောက်လုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုမင်းထက်က ပြောသည်။

ထို့ကြောင့် လက်ရှိတွင် ဝင်းဝစခန်းရှိ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုမင်းထက်က ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတဲ့ဖြစ်စဉ်တွေရှိပါတယ်” ဟု ကိုမင်းထက်က ပြောဆိုသည်။

ယင်းသို့ ဗုံးချတိုက်ခိုက်မှုကြောင့် ဘန်ကောက်များ ပြန်လည်ဆောက်လုပ်မှုအား မည်မျှထိခိုက်သည်ကိုမှု သေသေချာချာ မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဝင်းဝစခန်းသိမ်း တိုက်ပွဲကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအချို့ နေရပ်ပြန်နေကြပြီဖြစ်သော်လည်း ဝင်းဝ၊ မင်းဒပ်၊ ဂုံညှင်းဆိပ်စသည့် ကျေးရွာများက ဒေသခံများမှာ နေရပ်ပြန် မနေရဲသေးဘဲ အခြားရွာများတွင် စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။