ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် တနင်္သာရီမြို့ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဥယျာဉ်ခြံများအတွင်း ပုန်းရှောင်နေသည့် စစ်ဘေးရှောင်များမှာ အိုးခွက်များ၊ အမိုးကာနှင့် အဝတ်ထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများထံမှ သိရသည်။
မေလ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများ သဲဖြူရွာမှ မောတောင်မြို့ဘက်သို့ စစ်ကြောင်းထိုးလာရာ နေကျော်တောင် (ဒေသအခေါ်) သို့ ရောက်ရှိလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ စစ်ဘေးရှောင်နေရသည်မှာ နှစ်ပတ်ကျော် သုံးပတ်ခန့်ရှိလာပြီဖြစ်ကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ရှောင်ရန်အတွက် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေရသဖြင့် ပစ္စည်းများကို အပြည့်အစုံ မသယ်ဆောင်နိုင်ဘဲ ထားပစ်ခဲ့ရကြောင်း၊ ဆိုင်ကယ်များသည်လည်း လမ်းခရီးတွင် ဆီကုန်သွားသဖြင့် ထားခဲ့ကာ ခြေကျင်စစ်ဘေးရှောင် ထွက်ပြေးခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ခြေကျင်ဆိုတော့ သယ်နိုင်တာတွေပဲ သယ်ခဲ့ရတယ်။ အဝတ်လည်း တစ်စုံ၊ နှစ်စုံပဲ၊ အိုးခွက်တွေလည်း မပါလာဘူး။ အမိုးအကာတွေလည်း မရှိ၊ မိုးရာသီဖြစ်နေတော့ ပိုဆိုးတယ်။ သုံးလေးရက် လမ်းလျှောက်ပြီး ရှောင်လိုက်ရတယ်” ဟု အထက်ပါ စစ်ဘေးရှောင်က ပြောသည်။
စစ်ဘေးရှောင်များတွင် အဓိကအားဖြင့် စားနပ်ရိက္ခာ၊ အမိုးအကာ၊ အိုးခွက်ပန်းကန်များ၊ အိမ်သာခွက်၊ ပေါက်တူးနှင့် ဓားများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။
စစ်ဘေးရှောင်များမှာ နေရာအနှံ့ ပျံ့နှံ့နေသဖြင့် အရေအတွက်ကို အတိအကျ မသိရသေးဘဲ လက်ရှိတွင် လက်လှမ်းမီသည့် စစ်ဘေးရှောင် ရာဂဏန်းခန့်ကိုသာ ကူညီပေးနိုင်သေးကြောင်း ၎င်းက ဆိုသည်။
“တောတောင်တွေထဲ ရှောင်နေကြတော့ ဟိုတစ်စု၊ ဒီတစ်စု ဖြစ်နေတယ်။ ရှောင်ရတဲ့ရက်တွေ ကြာလာတော့ ဆန်က နည်းနည်းရှိပေမယ့် အိုးခွက်တွေ၊ အမိုးတွေ၊ အဝတ်အစားတွေ လိုနေတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီသူက ပြောသည်။
မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်အာဏာရှင်တပ်သားများမှာ သဲဖြူရွာမှ မောတောင်မြို့အထိ လမ်းတစ်လျှောက်တွင် နေရာယူထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။







