စစ်အာဏာရှင်တပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် ဆက်တိုက်စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာအုပ်စုငါးအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
လတ်တလောတွင် ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာ၊ ဂေါ့အင်းကျေးရွာ၊ အောက်ရေဖြူကျေးရွာ၊ ကဒက်ကြီးကျေးရွာ စသည့် ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်အာဏာရှင်တပ်သည် မေလ ၂၀ ရက်တွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စတင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ယင်းနောက် မေလ ၂၂ ရက်နေ့တွင် ညင်းမော်၊ စစ်ပြဲကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ပြဲကျေးရွာတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းနေ့ နံနက်အာရုဏ်တက်ချိန် ၄ နာရီခန့်တွင် ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် အငိုက်မိပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစစ်ကြောင်းမှာ မေလ ၂၃ ရက်တွင် ဂေါ့အင်းကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ နေအိမ်များထဲတွင် တပ်စွဲထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ ညင်းမော်နှင့် စစ်ပြဲကျေးရွာတို့ဘက်မှ ဖမ်းဆီးလာသော ဒေသခံအချို့ကို ဂေါ့အင်းကျေးရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အခြားဒေသခံများနှင့် လမ်းသွားလမ်းလာများကို ထပ်မံဖမ်းဆီးခဲ့ပြန်သည်။
ဂေါ့အင်းကျေးရွာတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်အား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း၊ ခြေလျင်စစ်ကြောင်းဖြင့် ရွာထဲမှ ထွက်လာပါက ကြားဖြတ်တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဂေါ့အင်းတွင် ရက်ပိုင်းမျှ တပ်စွဲပြီးနောက် မေလ ၂၆ ရက်တွင်မူ အဆိုပါစစ်ကြောင်းသည် အောက်ရေဖြူကျေးရွာသို့ တောလမ်းမှတစ်ဆင့် ရုတ်တရက် ဝင်ရောက်လာပြန်သဖြင့် ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပြန်သည်။ စစ်ကြောင်းနှင့် တိုးမိသည့် ဒေသခံများ ဖမ်းဆီးခံခဲ့ရသော်လည်း အများစုကို နေ့ချင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် မေလ ၂၇ ရက် ညပိုင်းတွင် တောလမ်းအတိုင်း ကဒက်ကြီးကျေးရွာသို့ ရောက်ရှိလာသဖြင့် အနီးအနားကျေးရွာများမှ ဒေသခံများပါ ထွက်ပြေးနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်သည် ရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ ရွှေ၊ ငွေ၊ ဖုန်း စသည့် ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ နေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် တပ်စွဲခြင်း၊ အစားအသောက်များ ယူငင်စားသောက်ကာ ကျန်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ထိုကဲ့သို့ တစ်ရွာဝင်လိုက်၊ တောထဲပြန်ဆုတ်ပြီး စစ်ကြောင်းပျောက်သွားလိုက်၊ ရွာထဲပြန်ပေါ်လာလိုက် ပုံစံဖြင့် စစ်ကြောင်းထိုးနေသည်မှာ ယနေ့အပါအဝင် ၈ ရက် ရှိလာပြီဖြစ်သည်။
ဒေသခံများမှာ လယ်၊ ဥယျာဉ်ခြံနှင့် အခြားသက်မွေးဝမ်းကျောင်းအလုပ်များ မလုပ်နိုင်ဘဲ ရက်ရှည်ထွက်ပြေးနေရသည့်အပေါ် ညည်းတွားနေကြသည်။
“အိမ်ရှိလည်း အိမ်မှာမနေရ၊ (ထမင်း)အိုးရှိလည်း အိုးနဲ့မစားရ၊ တော်တော်ကြီးတဲ့ ဒုက္ခပဲ” ဟု အသက် ၅၀ ဝန်းကျင်အရွယ် စစ်ဘေးရှောင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကဆိုသည်။
ဒေသခံများမှာ စစ်အာဏာရှင်စစ်ကြောင်းနှင့် ပတ်သက်ပြီး ကောလာဟလသတင်းမျိုးစုံ ထွက်ပေါ်နေသဖြင့် စစ်ဘေးရှောင်ရင်း ရောက်သည့်နေရာတိုင်းတွင် မလုံခြုံဖြစ်ကာ တစ်နေရာပြီးတစ်နေရာ၊ တစ်ရွာပြီးတစ်ရွာ ပြောင်းရွှေ့စစ်ရှောင်နေကြရကြောင်း ဆိုသည်။
ယနေ့ မေလ ၂၈ ရက် မွန်းတည့် ၁ နာရီအချိန် နောက်ဆုံးမေးမြန်းချက်အရ စစ်အာဏာရှင်စစ်ကြောင်းသည် ကဒက်ကြီးကျေးရွာရှိ ခြေတော်ရာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သိရသည်။ ထိုစစ်ကြောင်းတွင် ဖမ်းဆီးခံထားရသည့် ဒေသခံဆယ်ချီ ရှိနေပြီး ၎င်းတို့အား အထုတ်အပိုးများကို ထမ်းခိုင်းကာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားနေကြောင်း ပြန်လွတ်လာသူတို့က ပြောဆိုသည်။







