ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

May 28, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသသို့ ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ယာယီစစ်စခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်အာဏာရှင်တပ်မှာ လဲရှောင်ကျေးရွာ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲနေထိုင်နေခြင်းကြောင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်စောစောဝင်လာတယ်၊ ကိုယ့်ဆိုင်ကယ်ပဲ ကိုယ်မောင်းပြီး ထွက်လာရတယ်၊ ဘာမှယူဆောင်ချိန်မရဘူး၊ ရွာထဲကအိမ်တွေမှာ အစုလိုက်အစုလိုက် ဝင်နေတယ်၊ ရွာသားတွေကတော့ ဒီလိုပဲ သူတို့နဲ့ဝေးရာမှာ တိမ်းရှောင်နေကြတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ စစ်အာဏာရှင်တပ်မှာ အင်အားတစ်ရာဝန်းကျင်ခန့်ရှိပြီး မည်သည့်ဒေသသို့ ဆက်လက်စစ်ကြောင်းထိုးမည်ဆိုသည်ကို သေချာမသိရသေးခြင်းကြောင့် လဲရှောင်ကျေးရွာနှင့် တစ်ဆက်တည်းရှိသော ထိန်ကြီးကျေးရွာနှင့် ပရဒပ်ကျေးရွာတို့မှ ဒေသခံပြည်သူများမှာလည်း အခြေအနေကို စောင့်ကြည့်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကလည်း အင်အားတစ်ရာဝန်းကျင်ရှိ စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရလိုင်ကျေးရွာသို့ စစ်ကြောင်းထိုး ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစစ်ကြောင်းသည် ရလိုင်ကျေးရွာ စာသင်ကျောင်းတွင် နှစ်ညအိပ်တပ်စွဲကာ မေလ ၂၇ ရက် နံနက်ပိုင်း၌ ရလိုင်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ စစ်ကြောင်းရှိနေချိန်အတွင်း ဒေသအတွင်း မည်သည့်ပစ်ခတ်မှုမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာအချို့ကိုလည်း အင်အားတစ်ရာကျော်ခန့်ရှိသော စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ရက်သတ္တပတ်တစ်ပတ်ခန့် ရှိလာပြီဖြစ်သည်။

ထားဝယ်ခရိုင်တွင် မေလအတွင်း စစ်အာဏာရှင်တပ်က တပ်ဖြန့်စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေပြီး မေလနှောင်းပိုင်းတွင် သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့သည်။