ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့အပူဆုံးမြို့များနီးပါး ထားဝယ်မြို့ အပူချိန်မြင့်တက်လာ

April 28, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့၏ ဧပြီလ ၂၇ ရက် အပူချိန်သည် ၄၀ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ ရှိလာပြီး သာမန် ဧပြီလ၏ ပျမ်းမျှ အပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

အပူချိန် ၄၀ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်သွားသည့် ထားဝယ်မြို့သည် မြန်မာနိုင်ငံ၏ အပူဆုံးဟု နာမည်ကြီး သော မင်းဘူး၊ ချောက်နှင့် တောင်တွင်းကြီးမြို့များနည်းတူ ထူးခြားသည့် နေ့အပူချိန်များ စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

ဧပြီလ ၅ ရက်က Eldorado weather အဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံက မြို့ ၉ မြို့ ထိပ်ဆုံးနေရာများတွင် ရပ်တည်လျက်ရှိသည်။ ယင်းတို့အနက် မကွေးတိုင်း၊ ချောက်မြို့မှာ အပူချိန် ၄၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့ပေါ်တွင် ဒုတိယအပူဆုံးမြို့ဖြစ်လာကြောင်း ဖော်ပြခံခဲ့ရသည်။

Eldorado weather အဖွဲ့က ထုတ်ပြန်ချက်အရ အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် မန္တလေးတိုင်း မုံရွာမြို့မှာ ကမ္ဘာ့အပူဆုံး တတိယမြို့ဖြစ်ပြီး မကွေးမြို့မှာ အပူချိန် ၄၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် နံပါတ် ၄ အဆင့်တွင် ရပ်တည်နေသည်။

ကမ္ဘာ့အပူဆုံး နံပါတ် ၅ မှာ ရွှေဘိုမြို့၊ နံပါတ် ၆ မှာ မင်းဘူး၊ နံပါတ် ၇ မန္တလေးမြို့၊ နံပါတ် ၈ စစ်ကိုင်းမြို့တို့ အစဉ်လိုက်ပါဝင်လာသည်။

Eldorado weather အဖွဲ့က ထုတ်ပြန်ထားသည့် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့အနက် နံပါတ် ၁၅ မြို့မှာ မိတ္ထီလာမြို့ဖြစ်ပြီး အပူချိန် ၄၀ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်ရှိသည်။ ဧပြီလ ၂၇ ရက် ထားဝယ်မြို့၏ အပူချိန်မှာ ၄၀ ဒသမ ၂ ရှိသည်ဖြစ်ရာ ကမ္ဘာ့အပူဆုံးမြို့များနည်းတူ ပိုပူပြင်းလာပြီဖြစ်ကြောင်း ဖော်ပြနေသည်။

“အိမ်အပြင်ထွက်လိုက်တာနဲ့ မျက်နှာကို အပူလာရိုက်သလို ခံစားရတယ်။ ပြီးရင် အရေပြားမှာ ပူစပ်ပူလောင်ဖြစ်တာမျိုး ခံနေရတယ်” ဟု အသက် ၃၀ ဝန်းကျင်အရွယ် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ယနေ့ ဧပြီလ ၂၈ ရက်တွင် ပြောဆိုသည်။

ထို့အပြင် ဧပြီလ ၂၆ ရက်ကလည်း ထားဝယ်မြို့၏ အပူချိန်မှာ ၃၉ ဒသမ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့ပြီး ထူးခြားသည့် အပူချိန်စာရင်းတွင် ပါဝင်ခဲ့သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထားဝယ်မြို့အပါအဝင် တနင်္သာရီတိုင်းသည် ဧပြီလ၏ ပုံမှန်အပူချိန်ရှိသည့်ရက် ၅ ရက်သာရှိခဲ့ပြီး ကျန်ရက်များမှာ ပုံမှန်ဧပြီလ၏အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၅ ဒီဂရီဆဲလ်စီးယပ်အထိ အပူချိန်မြင့်တက်ခဲ့ကြောင်း မိုးဇလ၏ စာရင်းများအရ သိရသည်။