ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေယာဉ်ဖြင့်ဗုံးကြဲ၍ ဒေသခံနှစ်ဦး သေဆုံး

April 28, 2026

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဧပြီ ၂၇ ရက်တွင် မောတောင်မြို့ အမှတ် (၃) ရွာနှင့် ဖောင်ဆိပ်ရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမှတ် (၃) ရွာတွင် ဈေးလာဝယ်သည့် အမှတ် (၆) ရွာသား နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်က အမှတ် (၃) ရွာ ဆီအုန်းကုမ္ပဏီနှင့် ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ရာ ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်လှဝင်းတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

“ဈေးဝယ်ထွက်လာတာ။ ကျွန်းစုရွာသားတွေလို့ ပြောတယ်။ အခုက အမှတ် (၆) မှာနေပြီး အမှတ် (၃) မှာ ဈေးလာဝယ်ကြတာ။ လင်မယားနှစ်ယောက်လုံး သေသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီအုန်းကုမ္ပဏီအတွင်းရှိ လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးသွားပြီး အနီးဝန်းကျင်ရှိ လူနေအိမ်များလည်း ဗုံးစများထိမှန်ကာ ပျက်စီးသွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ် လေယာဉ်များက ဆက်တိုက်ဗုံးကြဲပြီး ရွာပေါ်တွင် ဝဲနေကြောင်း၊ အမှတ် (၃) ရွာနှင့် ဖောင်ဆိပ်ရွာတို့ကို ဗုံးကြဲခဲ့သော်လည်း ဖောင်ဆိပ်ရွာ၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း အထက်ပါ ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်က တစ်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်လုပ်ဆောင်ခဲ့ပြီး ဆက်တိုက်ဗုံးကြဲချခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အသွားအလာ သတိထားကြရန်လိုကြောင်း ၎င်းက ဆိုသည်။

“ရွာသားတွေက ခုထိ ရွာထဲသွားလာနေကြတာတွေ ရှိနေသေးတယ်။ ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ပြောင်းရွှေ့ကြပြီး အသွားအလာနဲ့ နေထိုင်မှုတွေကို အထူးသတိထားပါ။ လေကြောင်းကိုလည်း နားစွင့်ပါလို့ မှာချင်ပါတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အာဏာရှင်တပ်က ဧပြီလ ၂၆ ရက်တွင်လည်း မောတောင်မြို့ အမှတ် (၁) ရွာနှင့် အမှတ် (၉) ရွာများကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ၄ ဆောင် ပျက်စီးသွားခဲ့သည်။