ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတော် ဝင်းအတွင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဧပြီလ ၃၀ ရက်နေ့)တွင် မြို့ခံများ စုပေါင်း၍ စတုဒိသာ အလှူကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
မြို့ခံပရဟိတအသင်းအဖွဲ့အချို့နှင့် ပြည်သူအချို့က ဘုရားဖူးလာသူများကို မုန့်လက်သုတ်၊ အချိုရည်၊ မုန့်လက်ဆောင်းနှင့် အခြားအဆာပြေမုန့်များကို ကျွေးမွေးလှူဒါန်းပေးမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် စတုဒိသာ လှူဒါန်းရန် စာရင်းပေးထားသည့် အလှူရှင် ရှစ်ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း ကဆုန်လပြည့်နေ့ လောကမာရဇိန်ဘုရားကြီးတွင် စတုဒိသာ သွားရောက်လှူဒါန်းမည့် Best Friends သွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူ ကိုသန်းဇော်က ပြောသည်။
“ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ထားဝယ်မုန့်လက်သုတ် သွားလှူတယ်၊ အခုနှစ်မှာတော့ ကြာဇံချက် လှူမယ်။ အခုစာရင်းအရဆိုရင် အရင်နှစ်ထက် လှူဒါန်းသူ ပိုများလာတာ တွေ့ရတယ်” ဟု ကိုသန်းဇော်က ပြောသည်။
ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတော် ဝင်းအတွင်း ယခုနှစ် ကျင်းပမည့် မဟာမြတ်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ (၈၄) ကြိမ်မြောက် ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
မြတ်ဗုဒ္ဓနေ့ဖြစ်သော ကဆုန်လပြည့်နေ့တွင် ထားဝယ်ဒေသရှိ လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာနှင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာတို့တွင် ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်များမှာ ဒေသအတွင်း ထင်ရှားသည့် ဘာသာရေးပွဲတော်များ ဖြစ်သည်။
လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ယခုနှစ်ကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲတော်မှာ နှစ်ပေါင်း (၇၀) ပြည့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်ခုနစ်ဆယ်ပြည့် ကျင်းပမှာဆိုတော့ မနက်ပိုင်းမှာ ရုပ်ပွားတော် ဘုရားလေးဆူကို အနီးနားက ရွာလေးရွာလောက်ကို လှည့်မယ်။ မွန်းတည့်ပိုင်းကျတော့ ထုံးစံအတိုင်း ပွဲဇံ ထွက်မှာပေါ့” ဟု ညင်းမော်ရွာသား တစ်ဦးက ပြောသည်။
ညင်းမော်ကျေးရွာ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပလေ့ရှိသည့် ပွဲဇံမှာ ကျော်ကြားလှသည်။ ပွဲဇံမှာ ဒေသအတွင်း ဖြစ်ပျက်ဖောက်ပြန်သည့် လူမှုဓလေ့အပြောင်းအလဲများနှင့် ပြဿနာများကို လူငယ်များက အနုပညာဖြင့် ပေါင်းစပ်ကာ ခေတ်စနစ်၏ အခြေအနေများကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။
ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာရှိ ရှင်မုတ္ထီးဘုရားကြီးတွင်လည်း ယခုနှစ် ကဆုန်လပြည့်နေ့၌ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရှင်မုတ္ထီးဘုရားကြီးတွင် ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပသည့် ရိုးရာကျွဲတိုက်ပွဲ (ကျွဲခတ်ပွဲ) သရုပ်ဖော်ပြကွက်မှာ ဒေသအတွင်း ထင်ရှားသည်။ ကျွဲခေါင်းဝတ်စုံဝတ် လူနှစ်ဦးက ကျွဲနှစ်ကောင် ဝှေ့သည့်နှယ် သရုပ်ဖော်ပြသကြခြင်း ဖြစ်သည်။
ထားဝယ်ဒေသရှိ ဘုရားစေတီများတွင်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ဒေသခံများက ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပကာ ဘုရားရေသပ္ပာယ်ခြင်း၊ ဘုရားစေတီဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ခြင်းနှင့် ဝတ်ရွတ်ပူဇော်ပွဲများ ကျင်းပလေ့ရှိကြသည်။







