အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသတွင် ဆန္ဒပြဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဧပြီလ ၂၇ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
အင်ဒိုနီးရှားမှခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားနေသည့် ပါပူဝါဒေသမှ အင်ဒိုနီးရှားစစ်သားများ ထွက်သွားရန် ဒေသခံရာချီ ဆန္ဒပြခဲ့ကြရာ ကျောင်းသားများ ၊ အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တနင်္လာနေ့တွင် ဒေသခံ ဆန္ဒပြသူ ၈၀၀ ခန့်သည် ပါပူဝါပြည်နယ်၏ မြို့တော် ဂျာယာပူရာရှိ နေရာသုံးနေရာတွင် စုဝေးခဲ့ကြပြီးနောက် မြို့လယ်ခေါင်သို့ ချီတက်ဆန္ဒပြခဲ့ကြကြောင်း ပါပူဝါပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ပါပူဝါဒေသရှိ ပြည်နယ်ခြောက်ခုလုံးမှ စစ်တပ်ကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြကြောင်း ၎င်းက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် ဆန္ဒပြသူများကို လူစုခွဲရန် နေရာတစ်ခုတွင် မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များကို အသုံးပြုခဲ့ရကြောင်း ၎င်းက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရရှိခဲ့သော်လည်း ဆန္ဒပြသူများထဲတွင် ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းမရရှိသေးဟု ၎င်းက ပြောကြားသည်။
မကြာသေးမီက ယင်းဒေသတွင် အင်ဒိုနီးရှားစစ်တပ်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းက ဒေသခံများ၏ ဒေါသကို လှုံ့ဆော်ပေးခဲ့ကြောင်း ၎င်းက ဝန်ခံပြောဆိုသည်။
ယခုလအစောပိုင်းတွင် ယင်းဒေသ၌ ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားစစ်တပ်၏ စစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းထွက်ပေါ်လျက် ရှိသည်။
နိုင်ငံ၏ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အဆိုပါ သေဆုံးမှုများမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က အတည်ပြုထုတ်ပြန်ခဲ့ပြီး ယင်းဒေသအတွင်းရှိ စစ်ဆင်ရေးများကို ပြန်လည်သုံးသပ်ရန် အစိုးရကို တောင်းဆိုခဲ့သည်။
သို့ရာတွင် အင်ဒိုနီးရှားစစ်တပ်ဘက်ကမူ အဆိုပါ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဝန်ခံပြောကြားခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို အင်ဒိုနီးရှားစစ်တပ်က ပါပူဝါဒေသခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထား၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းလက်နက်ကိုင်အဖွဲ့များသည် သယံဇာတပေါကြွယ်ဝသည့် ပါပူဝါဒေသလွတ်လပ်ရေးအတွက် အင်ဒိုနီးရှားအစိုးရကို ၁၉၆၉ ခုနှစ်ကတည်းက လက်နက်ကိုင်တော်လှန်လာခဲ့သည်။
ပါပူဝါဒေသသည် ဒတ်ချ်ကိုလိုနီအုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ် ၆ ခုကျော် ရှိနေခဲ့ပြီးနောက် ကုလသမဂ္ဂက ကြီးကြပ်သည့် လူထုဆန္ဒခံယူပွဲမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။






