ထားဝယ်မြို့ပေါ်တွင် တစ်ဦးတည်း မျက်စိလည်လမ်းမှားပြီးသွားလာနေသည့် အသက် ၃နှစ်အရွယ် မိန်းကလေးငယ်ကို မိဘထံ ပြန်လည်အပ်နှံလိုက်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါကလေးငယ်သည် ပုံကျွန်းရပ်ကွက်တွင် နေထိုင်ပြီး နေအိမ်နှင့် ကပ်လျက်ရှိ ဆွေမျိုးအိမ်တွင် ယနေ့ မေလ ၂၇ ရက် နေ့လယ်ပိုင်းတွင် သွားကစားရာမှ ပျောက်သွားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကလေးငယ်ကို ၎င်း၏ နေအိမ်နှင့် မီတာ လေးရာကျော်အကွာရှိ တိုင်းပညာရေးမှူးရုံးထဲသို့ ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဝင်ရောက်လာရာ ဝန်ထမ်းများကတွေ့ရှိသဖြင့် ခေါ်ယူထားခဲ့ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
တိုင်းပညာရေးမှူးရုံးက ဆက်သွယ်အကူအညီတောင်းသဖြင့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကလေး၏ မိဘကို လိုက်လံရှာဖွေခဲ့ကြောင်း ၎င်းက ဆိုသည်။
ကလေးငယ်က အိမ်ကို သိသည်ဆိုသဖြင့် မြောက်ရွာရပ်ကွက်တွင် သွားရောက်ရှာဖွေရာ မတွေ့ရသဖြင့် လူမှုကွန်ရက်တွင် ဓာတ်ပုံနှင်တကွတင်ကာ ရေးသားအသိပေးခဲ့ကြောင်း ဦးနိုင်မျိုးသွင်က ပြောဆိုသည်။
“ကလေးသူ အိမ်သိတယ်ပြောလို့ ကျွန်တော်တို့ သူသွားတဲ့နောက်က လိုက်တာ မြောက်ရွာရပ်ကွက် နေရာတော်တော် နှံသွားတယ်” ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်ပုံကိုတွေ့ရှိပြီး ညနေ ၃နာရီခန့်တွင် မိတ်ဆွေတစ်ဦးက မိဘများကို သိရှိသည်ဟု ဆက်သွယ်လာသဖြင့် မိဘထံ ပြန်လည်အပ်နှံခဲ့ကြောင်း ၎င်းက ပြောသည်။







