ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ရှင်မုတ္ထီးရွာတွင် ကျောင်းအပ်ရာသီ မိတ္တူကူးခသုံးဆကျော်မြင့်တက်

May 27, 2026

ဓာတ်ပုံ - Dawei Watch

ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာတွင် မိတ္တူကူးခ သုံးဆကျော် မြင့်တက်လာကြောင်း ဒေသခံအချို့က ပြောသည်။

၂၀၂၆ -၂၀၂၇ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်မှစတင်ကာ ကျောင်းအပ်နေကြပြီဖြစ်သည်။

ယင်းသို့ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူ၏ မှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူ တစ်စောင်စီ မဖြစ်မနေ ပေးရန်လိုအပ်ကြောင်း ကျောင်းသားမိဘများနှင့် ပညာရေးဝန်ထမ်းအသိုင်းဝိုင်းထံမှ သိရသည်။

အခြေခံပညာအလယ်တန်းကျောင်းရှိသည့် ရှင်မုတ္ထီးကျေးရွာ၌ ယခုကျောင်းအပ်ရာသီတွင် ကျောင်းအနီးရှိ မိတ္တူဆိုင်တွင် မိတ္တူကူးခ စျေးနှုန်းမြင့်တက်လာကြောင်း ဒေသခံကျောင်းသားမိဘအချို့က ဆိုသည်။

ကျောင်းအပ်လက်ခံသည့် ရက်မတိုင်မီက မိတ္တူတစ်စောင်လျှင် အများဆုံး သုံးရာကျပ်သာရှိရာမှ ကျောင်းစတင် လက်ခံ သည့် မေလ ၂၅ရက်တွင် တစ်စောင် ကျပ် ၅၀၀နှင့် ဒုတိယနေ့ဖြစ်သော မေလ ၂၆ရက်၊ ယနေ့ ၂၇ ရက်တို့တွင် တစ်စောင် ၁၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောဆိုသည်။

“မနေ့က သွားကူးတာ တစ်ချပ် တစ်ထောင်တဲ့။ နေချင်းညချင်းကို တက်သွားတယ်” ဟု ၎င်းက ပြောသည်။

မိတ္တူခ စျေးတက်လာသော်လည်း ကျောင်းအပ်ရန် လိုအပ်သဖြင့် ကျောင်းသားမိဘအုပ်ထိန်းသူ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းတို့ကို မဖြစ်မနေ မိတ္တူကူးနေရကြောင်း ကျောင်းသားမိဘ အချို့က ဆိုသည်။

“အနီးအနား နေရာတွေမှာလည်း တစ်စောင်သုံးရာပဲရှိတယ်။ (စျေးတင် တောင်းတာက) ဒီလိုကျတော့ မဖြစ်သင့်ဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

မိတ္တူခ စျေးတက်သည့်ကိစ္စနှင့်ပတ်သက်၍ မိတ္တူဆိုင်ကို ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

ထားဝယ်ခရိုင်ရှိ ကွန်ပျူတာ စာစီစာရိုက်လုပ်ငန်း အများစုတွင် မိတ္တူကူးခ စာရွက်တစ်ရွက်လျှင် ကျပ်သုံးရာခန့်မှ အများဆုံး ကျပ်ငါးရာအထိသာ ကုန်ကျကြောင်း ကွန်ပျူတာစာစီစာရိုက်လုပ်ငန်းလုပ်သူနှင့် ဒေသခံများထံမှ သိရသည်။ ။

“မနေ့က ကျောင်းသွားအပ်လို့ ကူးတာ တစ်စောင်သုံးရာပဲ ပေးရတယ်” ဟု ထားဝယ်မြို့အနီးရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ရှင်မုတ္ထီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ရှင်မုတ္ထီးကျေးရွာအနီးရှိ စော်၀၊ ရောင်းမော်၊ ဆေးဖြတ်ကုန်း စသည့် ကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ပညာသင်ယူနေကြရသည်။