ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလွှဲတောင်အနီး အလယ်စခန်းရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

May 27, 2026

ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်းရွာကို မေလ ၂၆ ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဗုံးသည် အလယ်စခန်းရွာ အပြင်ဘက်ရှိ ကားလမ်းမအနီး ဥယျာဉ်ခြံတစ်ခုတွင် ကျရောက်ပေါက်ကွဲကာ လူထိခိုက်မှုမရှိကြောင်း ၎င်းတို့က ပြောသည်။

အလယ်စခန်းရွာသည် မွန်-တနင်္သာရီနယ်စပ် မလွှဲတောင်အနီးတွင် တည်ရှိသည်။

ဗုံးချတိုက်ခိုက်ခံရစဥ် အလယ်စခန်းရွာဝန်းကျင်၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်မှ တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“ဗုံးကြဲတာက ဒရုန်းနဲ့ ကြဲတာ။ အုန်းပင်ကွင်း (မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ) ကနေ (ဒရုန်း) တက်တယ်လို့ သိရတယ်။ တိုက်ပွဲ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် လကစ၍ ကလိန်အောင်မြို့နယ် ဝန်းကျင်ရှိ စစ်စခန်းများတွင် ဒရုန်းလေ့ကျင့် ပြင်ဆင်မှုများပြုလုပ်နေသည်ကို စုံစမ်းသိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကလိန်အောင်မြို့နှင့် ကပ်နေသည့် ကံပေါက်တိုက်နယ်တွင်မူ နှစ်ဖက်စစ်ရေးပြင်းထန်လေ့ရှိသည့် ဇာဒီကျေးရွာအုပ်စုတွင် ၂၀၂၅ ခုနှစ်ကတည်းက မောရဝတီရေတပ်စစ်သင်္ဘောက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ ကင်းထောက်ခြင်းများကို ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။