ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ပေါ်တွင် တန်းစီစရာမလိုဘဲ စက်သုံးဆီဝယ်ယူနိုင်၊ ပြင်ပဆီစျေး အနည်ငယ်ပြန်ကျ

April 27, 2026

ထားဝယ်မြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းစရာ မလိုဘဲ စက်သုံးဆီ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြို့ခံခရီးသွားများနှင့် စက်သုံးဆီဆိုင် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ်မြို့အတွင်းရှိ DDPC၊ Petro & Green နှင့် 81 စသည့် စက်သုံးဆီဆိုင်များတွင် ဧပြီလ ၂၇ ရက်၊ ယနေ့ နံနက် ၆ နာရီခွဲအချိန်ကစပြီး ကားနှင့် မော်တော်ဆိုင်ကယ်များ တန်းစီစရာမလိုဘဲ စက်သုံးဆီ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ထားဝယ်မြို့အတွင်းရှိ စက်သုံးဆီဆိုင် တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တန်းစီစရာမလိုဘူး။ ဆိုင်ဖွင့်ချိန် မနက် ၆ နာရီခွဲကနေ ညနေ ၅ နာရီအထိ အချိန်မရွေး ရောင်းချပေးနေပါတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

သို့သော် မော်တော်ယာဉ်များ စက်သုံးဆီဝယ်ယူရာတွင် စုံရက်များတွင် စုံဂဏန်းပါ မော်တော်ယာဉ်များသာ စက်သုံးဆီ ဝယ်ယူနိုင်မည်ဖြစ်သလို၊ မရက်များတွင် မဂဏန်းပါ မော်တော်ယာဉ်များ စက်သုံးဆီ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

မော်တော်ယာဉ်တစ်စီးလျှင် တစ်နေ့ စက်သုံးဆီ တစ်ကြိမ်သာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း ထားဝယ်မြို့ခံ အငှားယာဉ်လုပ်သားတစ်ဦးက ပြောသည်။

“QR Code နဲ့ ဖြည့်ပေးတယ်။ Code မရှိရင် ဆိုင်ကပေးတယ်။ မြို့တွင်းက ဆိုင်တစ်ဆိုင်မှာ ဖြည့်ပြီးသွားရင် အခြားဘယ်ဆိုင်မှာမှ ဖြည့်လို့မရတော့ဘူး” ဟု အထက်ပါ အငှားယာဉ်လုပ်သားက ပြောသည်။

ယနေ့ စက်သုံးဆီ ရောင်းချပေးနေမှုမှာ မော်တော်ဆိုင်ကယ်တစ်စီးလျှင် အများဆုံး နှစ်သောင်းကျပ်၊ သုံးဘီးဆိုင်ကယ်တစ်စီး သုံးသောင်းကျပ်နှင့် ကားတစ်စီး ငါးသောင်းကျပ်အထိ ရောင်းချပေးနေသည်ကို တွေ့ရှိရသည်။

ဆီထုတ်စာအုပ်ဖြင့် ဝယ်ယူခွင့်ပြုထားသည့် ဝန်ထမ်းများမှာမူ ယခင် တစ်ပတ်တစ်ကြိမ်အစား ယနေ့မှစ၍ တစ်ပတ်နှစ်ကြိမ် ဝယ်ယူခွင့်ပြုထားကြောင်း စုံစမ်းသိရသည်။

မြို့ပေါ်ဆီဆိုင်များတွင် တန်းစီစရာမလိုဘဲ ဆီဖြည့်နိုင်ပြီဆိုသော်လည်း လိုသလောက် ဝယ်မရဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေသဖြင့် ပြင်ပစျေးကွက်တွင် စျေးမြင့်နေသေးကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင် စက်သုံးဆီဈေးနှုန်းများမှာ သင်္ကြန်ပွဲအပြီးတွင် တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာနေသော်လည်း မြို့ပေါ်ဆီဆိုင်ကြီးများတွင် ရောင်းသည့်စျေးထက် မြင့်မားနေသေးသည်။

သင်္ကြန်မတိုင်ခင်က ပြင်ပဈေးကွက်၌ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် တစ်လီတာလျှင် ၇,၅၀၀ ကျပ်နှင့် ၉,၀၀၀ ကျပ်အကြားသာ ဈေးပေါက်လျက်ရှိသည်။ မြို့ပေါ်ဆီဆိုင်ကြီးများတွင် ရည်ညွှန်းစျေးဖြစ်သော တစ်လီတာ ၄၈၇၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ယခင်က အချိန်ပိုင်းခြား သတ်မှတ်၍ စက်သုံးဆီရောင်းချရာတွင် တန်းစီစောင့်ဆိုင်း၍ ဝယ်ယူခဲ့ကြရပြီး ဒေသခံများမှာ အပူဒဏ်ကြောင့် မူးမေ့လဲကျခြင်းနှင့် ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ခဲ့ကြရသည်။