၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့စစ်စရိတ်သုံးစွဲမှုမှာ ၂.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပဋိပက္ခလေ့လာရေး သုတေသနအဖွဲ့တစ်ခု၏ ယနေ့ ဧပြီလ ၂၇ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအသုံးစရိတ်မှာ ၇.၅ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကမ္ဘာ့စစ်စရိတ်သုံးစွဲမှုက ဆက်လက်မြင့်တက်လာခြင်း ဖြစ်သည်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စစ်စရိတ်သုံးစွဲမှုသည် အမေရိကန်ဒေါ်လာ ၂.၈၉ ထရီလီယံအထိ ရှိလာခဲ့ကြောင်း သိရသည်။
ယင်းမှာ ကမ္ဘာ့စစ်စရိတ်သုံးစွဲမှု ၁၁ နှစ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး ကမ္ဘာ့ဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ရာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းမျိုးစုံနဲ့ နိုင်ငံအများအပြားရဲ့ ရေရှည်စစ်ရေးအသုံးစရိတ် ရည်မှန်းချက်တွေကြောင့် ဒီလိုမျိုး ကမ္ဘာ့စစ်စရိတ်သုံးစွဲမှု မြင့်တက်တာဟာ ၂၀၂၆ ခုနှစ်နဲ့ နောက်ပိုင်းနှစ်တွေအထိ ဆက်လက်ဖြစ်ပေါ်နေဖို့ ရှိပါတယ်” ဟု SIPRI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်စရိတ် အများဆုံးသုံးစွဲသည့် အမေရိကန်၊ တရုတ်နှင့် ရုရှား နိုင်ငံသုံးခုပေါင်း၏ အသုံးစရိတ်မှာ ဒေါ်လာ ၁.၄၈ ထရီလီယံရှိပြီး ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းအထိ ရှိနေသည်။
ယူကရိန်းအတွက် စစ်ရေးဆိုင်ရာ ဘဏ္ဍာရေးအကူအညီအသစ်များကို အတည်ပြုပေးခြင်း မရှိတော့သည့်အတွက် ၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ စစ်ရေးအသုံးစရိတ်မှာ ဒေါ်လာ ၉၅၄ ဘီလီယံအထိ ကျဆင်းသွားကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။
သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းသို့ ပေးအပ်မည့် စစ်ရေးဆိုင်ရာ ဘဏ္ဍာရေး အကူအညီအသစ်များကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအသုံးစရိတ်မှာ ၇.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း ယူကရိန်းသို့ အမေရိကန်က ပေးအပ်ခဲ့သည့် စစ်ရေးရန်ပုံငွေ စုစုပေါင်းမှာ ဒေါ်လာ ၁၂၇ ဘီလီယံအထိ ရှိခဲ့သည်။







