လောင်းလုံးမြို့နယ် ကျေးရွာအချို့ရှိ စစ်ဘေးရှောင်များအား အဖွဲ့အစည်းတစ်ခုက ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ပြီး ယင်းငွေကြေးကို ဒေသခံများထံ ဝေမျှရန် ကြားခံအကူအညီပေးသူနှင့် ယင်းအဖွဲ့မှ ဝန်ထမ်းတို့ကြောင့် အရှုပ်အရှင်းဖြစ်ပေါ်နေသည်ဟု ကနဦးသိရှိရသည်။
လုံခြုံရေးအရ နာမည်ဖော်ပြလိုခြင်းမရှိသော အဖွဲ့အစည်းတစ်ခုသည် လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ၊ စစ်ပြဲ၊ တီဇစ်ကျေးရွာတို့ရှိ စစ်ဘေးရှောင်များအား တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသိန်းခြောက်သောင်းကျပ်( ၃၆၀၀၀၀ ကျပ်)နှုန်း ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ်ရှိ အထက်ဖော်ပြပါကျေးရွာများကို ဇွန်လထဲတွင် ရက်ရှည်စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံအများအပြား စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရသည်။
ယင်းကြောင့် ဇူလိုင်လ လလယ်ပိုင်းနှင့် ဩဂုတ်လဆန်းပိုင်းတို့တွင် ယင်းအဖွဲ့က စစ်ဘေးရှောင်များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငွေကြေးထောက်ပံ့ကူညီရာတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးက ပြောသည်။
လုံခြံရေးအရ အမည်မဖာ်လိုသည့် အဖွဲ့အစည်းကိုယ်စား သက်ဆိုင်ရာဒေသခံကျေးရွာမှ အမျိုးသမီးလေးငါးဦးခန့်က ဦးဆောင်ပြီး စစ်ဘေးရှောင်ထောက်ပံ့ငွေကြေးအား လိုက်လံဝေငှပေးခြင်းဖြစ်ပြီး ငွေကြေးဖြတ်တောက်ခဲ့သူတို့မှာလည်း အဆိုပါအမျိုးသမီးများပင်ဖြစ်ကြောင်း လေးသွန်းခံနှင့် စစ်ပြဲကျေးရွာမှ ဒေသခံတို့က ပြောဆိုကြသည်။
စစ်ဘေးရှောင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၆၀၀၀၀ ကျပ် ထောက်ပံ့ရာတွင် ဒေသခံများမှာ အပြည့်မရဘဲ ဖြတ်တောက်ခံခဲ့ရသဖြင့် ငွေးကြေးအရှုပ်အရှင်း ပြဿနာများ ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
“တစ်အိမ်ကို သုံးသိန်းခြောက်သောင်း(ကျပ်) ပေးတဲ့နေရာမှာ ပိုက်ဆံလိုက်ထောက်ပံ့တဲ့သူတွေက ခြောက်သောင်းကျပ် ဖြတ်ယူထားခဲ့တာ။ ဒီကိစ္စကို ဘယ်သူမှ မသိစေနဲ့ဆိုပြီးလည်း ပြန်ဖုံးလိုက်တယ်။ ဇနီးမှာရရင် ယောက်ျားကို အသိမပေးနဲ့ သုံးသိန်းခြောက်သောင်း(ကျပ်) ရတယ်ပဲပြောဆိုပြီးမှာလိုက်တာ။ ကျွန်တော်တို့လိုက်စုံစမ်းလိုက်တော့ သုံးသိန်းရတဲ့သူရှိတယ် နှစ်သိန်းရှစ်သောင်းရတဲ့သူရှိတယ်။ နှစ်သိန်းငါးသောင်းရတဲ့သူရှိတယ်” ဟု စစ်ဘေးရှောင်များ ထောက်ပံ့ငွေကြေး အပြည့်မရသည့်ကိစ္စ လိုက်လံကူညီပေးနေသူ စစ်ပြဲကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ထောက်ပံ့ထားသည့် စာရင်းကို ထုတ်ပြန်ရှင်းပြရန်ပြောသော်လည်း စာရင်းမထုတ်ပြဘူးဟု လေးသွန်းခံရွာသားတစ်ဦးက ပြောဆိုသည်။
လုံခြုံရေးအရအမည်မဖော်လိုသည့် အဖွဲ့အစည်းကိုယ်စား စစ်ဘေးရှောင်ထောက်ပံ့ကြေး လိုက်လံဝေငှပေးသူ အမျိုးသမီးနှစ်ဦးအား Dawei Watch က ဆက်သွယ်မေးမြန်းရာတွင်မူ ငွေကြေးဖြတ်တောက်ခြင်းမရှိဘဲ စေတနာအလျှောက်ပြန်ပေးခဲ့သည့် ငွေကြေးအား လက်ခံခဲ့ခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
“ကျွန်မတို့ ဖြတ်တာမရှိဘူးရှင်။ သူတို့ဘာသာသူတို့( ထောက်ပံ့ကြေးရသူအချို့က) အဲဒီပိုက်ဆံ လာဝေပေးတဲ့ဆရာမကို ကန်တော့လိုက်တာပဲရှိတယ်” ဟုစစ်ပြဲကျေးရွာမှ ငွေကြေးထောက်ပံ့ရာတွင်ပါဝင်သူ အမျိုးသမီးတစ်ဦးကဆိုသည်။
Dawei Watch ၏ သီးသန့်စုံစမ်းမေးမြန်းချက်အရ ကျေးရွာလေးရွာရှိ ဒေသခံများအတွက် တစ်ကြိမ်လျှင် ကျပ်သိန်းတစ်ရာကျော်နှုန်းဖြင့် လေးကြိမ် ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ထောက်ပံ့ကြေး ငွေကျပ်သိန်းလေးရာကျော်ရှိကြောင်း သိရသည်။
အဖွဲ့အစည်းကိုယ်စား ငွေကြေးထောက်ပံ့ပေးသူတို့သည် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ မှ ကျပ်တစ်သိန်းအထိ ဖြတ်တောက်ခဲ့ကြောင်းလည်း ဖြတ်တောက်ခံရသည့် ကာယကံရှင်တို့၏ ပြောဆိုချက်အရ သိရသည်။
စစ်ဘေးရှောင်များအား ငွေကြေးထောက်ပံ့ပေးခဲ့သည့် အဖွဲ့အစည်းမှ ဦးဆောင်သူကလည်း ထောက်ပံ့ကြေးများအား ၎င်းတို့အဖွဲ့၏ ဝန်ထမ်းနှင့် ဒေသခံကူညီပေးသူတို့ ပူးပေါင်းပြီး အလွဲသုံးစားသည့်ကိစ္စကို ဒေသခံများက တိုင်ကြားထားသည်ဟုဆိုသည်။
အဖွဲ့အစည်းကိုယ်စား ငွေကြေးလိုက်လံထောက်ပံ့ပေးသည့် ဒေသခံများ ငွေကြေးအလွဲသုံးစားလုပ်ဖြတ်တောက်ခဲ့သည်ကို ၎င်းတို့အဖွဲ့အစည်း၏ ဝန်ထမ်းကိုယ်တိုင်က သိသော်လည်း ရေငုံနှုတ်ပိတ်နေခြင်းဖြစ်ကြောင်း ကနဦးသိထားရသည်ဟုလည်း ယင်းအဖွဲ့ကဆိုသည်။
ယင်းအတွက်ကြောင့် စုံစမ်းစစ်ဆေးပြီး အလွဲသုံးစားလုပ်ထားသောငွေကြေးများကို ပြန်တောင်းကာ ဒေသခံများအား ပြန်လွှဲပေးနိုင်ရန် စီစဉ်နေကြောင်းနှင့် အလွဲသုံးစားလုပ်ရာတွင် ပါဝင်သည့် ဝန်ထမ်းကိုလည်း အရေးယူမည်ဟု ယင်းအဖွဲ့ကဆိုသည်။
“စုံစမ်းစစ်ဆေးပြီးလို့ ဝန်ထမ်းက ဟုတ်တယ်။ မှားနေတယ်ဆိုရင်တော့ ကျွန်မတို့အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူမှာဖြစ်တယ်ပေါ့နော်။ အလွဲသုံးစားလုပ်ထားတဲ့ ပိုက်ဆံကိုလည်း ပြန်တောင်းမှာဖြစ်တယ်။ ပြန်တောင်းပြီးတော့ နစ်နာခဲ့တဲ့သူတွေကို တိုက်ရိုက်ဆက်သွယ်ပြီး KPay နဲ့အဆင်ပြေတယ်ဆိုရင် KPay နဲ့ပဲဖြစ်ဖြစ် ပြန်လွှဲပေးမယ်ဆိုပြီး စဉ်းစားထားတယ်ပေါ့နော်” ဟု ငွေကြေးထောက်ပံ့သည့်အဖွဲ့ ဦးဆောင်သူက Dawei Watch ကို ပြောဆိုသည်။
၎င်းတို့အဖွဲ့အနေဖြင်မူ မည်သည့်အကြောင်းနှင့်မျှ ထောက်ပံ့ငွေကြေးများ ဖြတ်တောက်ခြင်းမပြုရန်၊ စစ်ဘေးရှောင်ဖြစ်ပါက မည်သူ့ကိုမဆို ထောက်ပံ့နိုင်ကြောင်းနှင့် ငွေကြေး အလွဲသုံးစားလုပ်ပါက တိုင်ကြားနိင်သည့် ဖုန်းနံပါတ်တို့ကိုပါ ငွေကြေးထောက်ပံ့သည့် စာအိတ်ထဲတွင် တစ်ပါတည်းထည့်ပေးထားသည်ဟုဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်ရသည့် ကျေးရွာတစ်ရွာလုံးရှိ အိမ်ထောင်စုတိုင်းအား ထောက်ပံ့ခိုင်းသည်ဖြစ်သော်လည်း အောက်ခြေမှတင်ပြလာသောစာရင်းမှာ တစ်ရွာလုံးစာရင်းမဟုတ်ဘဲ ဖြစ်နေသည်ဟုဆိုသည်။
မြေပြင်တွင် သွားရောက်ထောက်ပံ့သောအခါ တင်ပြထားသည့် အိမ်ထောင်စုကနည်းနေပြီး အမှန်တကယ်ထောက်ပံ့ပေးရမည့်စာရင်းမှာ များနေသဖြင့် အဖွဲ့အစည်းကိုယ်စား ထောက်ပံ့ပေးသူက အညီအမျှ ခွဲပေးလိုက်သည်မျိုး လုပ်ဆောင်ခဲ့ဟုသိရကြောင်း ယင်းမှာ ၎င်းတို့အဖွဲ့အစည်း၏ မူမဟုတ်ကြောင်း ၎င်းကဆိုသည်။
ငွေကြေးထောက်ပံ့ရာတွင် ပွင့်လင်းမှုမရှိဘဲ ပတ်သက်ရာ ပတ်သက်ကြောင်းများကိုသာ အများဆုံးရွေးချယ်ပြီး ထောက်ပံ့ပေးခဲ့ကြောင်းလည်း ဒေသခံအချို့က စွတ်စွဲပြောဆိုကြသည်။
ငွေကြေးထောက်ပံ့ပေးသည့်အဖွဲ့ကမူ လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်များအတွက် ထောက်ပံ့သည့်ငွေကြေး အရှုပ်အရှင်းဖြစ်ပေါ်နေသဖြင့် နောက်တစ်ကြိမ်ငွေကြေးထောက်ပံ့မည့် အစီအစဉ်တွင် လောင်းလုံးမြို့နယ်အား ချန်ထားခဲ့ရတော့မည့် အခြေအနေဖြစ်နေကြောင်း ပြောဆိုခဲ့သည်။