ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်မြို့နှင့် ရွာ ၁၀ ရွာက ကွမ်းသီးများကို စစ်အာဏာရှင်တပ် ကားများဖြင့်သယ်ယူ

June 26, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာ ကွမ်းသီးများကို စစ်အာဏာရှင်တပ်သားများသည် ကားများဖြင့် တနင်္သာရီမြို့သို့ သယ်ယူနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ အစပိုင်းမှစ၍ ၂၀ရက်အထိ စစ်အာဏာရှင်တပ်က မောတောင်မြို့နှင့် ကျေးရွာများရှိ နေအိမ်များတွင် သိုလှောင်ထား သည့် ကွမ်းသီးခြောက်များနှင့် အခွံနွှာပြီးသား ကွမ်းသီးများကို သယ်ယူနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ဆိုသည်။

မောတောင်မြို့၊ အမှတ်၁ရွာ၊ အမှတ်၃ရွာ၊ အမှတ်၅ရွာနှင့် အမှတ်၈ရွာအပါအဝင် အနီးရှိ ကျေးရွာ ၁၀ရွာရှိ နေအိမ်များတွင် ကွမ်းသီးရာသီဖြစ်သဖြင့် ကွမ်းသီးခြောက်များနှင့် နေလှန်းထားသည့်ကွမ်းသီးများသည် နေအိမ်အများစုတွင်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“တစ်ခါတိုက်ရင် သုံးစီးအပြည့်ပဲ။ စစ်ကားနဲ့ တိုက်တယ်။ မျက်စိရှေ့က ဖြတ်သွားနေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ကွမ်းသီးများကု တနင်္သာရီမြို့နယ်သို့ ပို့ဆောင်ပြီး မြို့ပေါ်နှင့် အနီးအနားရှိကျေးရွာများတွင် ဒေသခံများကို အခကြေးငွေပေး၍ ကွမ်းသီးအခွံ နွှာခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

ကွမ်းသီးများကို ရွာခံကို တစ်ဆင့်ပေး၍ အခွံ နွှာခိုင်းထားပြီး ကွမ်းသီးနွှာသည့် စျေးကို ရွာတွင်ပေးသည့် စျေးနှုန်းအတိုင်း ပေးကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် အခွံနွှာပြီးသား ကွမ်းသီးများကို ပြန်လာယူပြီး မြိတ်မြို့ဘက်သို့ ပို့ဆောင်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ဇွန်လ ၂၁ရက်တွင် မောတောင်မြို့တွင် ရှိသည့် တပ်များကို မြိတ်မြို့မှ တက်လာသည့်တပ်များနှင့် အချိန်းအပြောင်းလုပ်ပြီး အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်အောင်ကြိုးပမ်းနေကြောင်း ‌တော်လှန်တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။