ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ် ပစ်ခတ်တိုက်ခိုက်

May 26, 2026

သရက်ချောင်းမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ မေလ ၂၆ ရက် နံနက်ပိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်ပစ်ခတ်မှု ဆက်ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ဘုတ်ကိုင်းရွာ ယင်းမှတစ်ဆင့် ကျွဲဇပ်ရွာဘက်သို့ စစ်ကြောင်းဆင်းချိန် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းနောက် နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြကြောင်း ၎င်းတို့က ဆိုသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တဲ့အသံတွေ ကြားရတယ်။ တော်လှန်ရေးဘက်က လက်နက်ကြီးနဲ့ပစ်တဲ့ အသံလည်း ကြားရတယ်၊ ဒရုန်းနဲ့ ဗုံးချတာလား မိုင်းဆွဲတာလားမသိဘူး၊ လက်နက်ကြီးပစ်သလိုပဲ အသံတွေကြားရတယ်။ ရွာတွေ ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ထည့်တော့ ရွာသားတွေ ပြေးကြတာပေါ့” ဟု ဆင်ကူးရွာက ဒေသခံအမျိုးသမီး တစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည့် စစ်ကြောင်းဆက်မထိုးတော့ဘဲ သရက်ချောင်းမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဆင်းကူးရွာဘုန်းကြီးကျောင်းတွင်တွေ့ရှိသည့် အသက် ၂၀ကျော်အရွယ် ကိုမင်းခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ထပ် လူငယ်အမျိုးသားတစ်ဦးကိုလည်း ဦးခေါင်းရိုက်နှက်ခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

ယင်းအပြင် ပစ်ခတ်မှုဖြစ်ချိန် ထွက်ပြေးသည့် အရပ်သားတစ်ဦးထံက ရွှေနှစ်ကျပ်သား ဆွဲကြိုးတစ်ကုံးကိုလည်း စစ်ကြောင်းက သိမ်းယူသွားကြောင်း ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်က လက်နက်ကြီး ပစ်ခတ်သောကြောင့် ဒေသခံများ ထွက်ပြေးရကြောင်း ဆင်ကူးရွာက ဒေသခံ အခြားတစ်ဦးက ဆိုသည်။

“(တော်လှန်ရေးတပ်) ဒီဘက်က ပစ်တာက နည်းနည်းပဲ။ စစ်တပ်က ပြန်ပစ်တာမနည်းဘူး။ တခြားရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ထည့်တော့ ရွာတွေထဲ လျှောက်ကျတယ်။ ရွာသားတွေ ပြေးရတာပေါ့” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုဖြစ်ချိန် မြိတ်-ထားဝယ်ကားလမ်း ပိတ်သွားပြီး နံနက် ၁၀ နာရီခွဲခန့်တွင် ကားလမ်းပြန်ပွင့်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါစစ်ကြောင်းအား မည်သည့် တော်လှန်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။

ဝင်းဝစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းကို စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ပြောသည်။