ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်ထိန်းချုပ်ရန် လာစဉ် ဖမ်းဆီးခေါ်ဆောင် လာသည့် ဒေသခံ နှစ်ရာကျော်မှာ ၁၀ ရက်ကျော်ကြာသည်အထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံများထံမှ သိရသည်။
မောတောင်မြို့ အမှတ် ၆ရွာတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများနှင့် ရဟန်းများကို မေလ ၁၆ရက်တွင် စစ်အာဏာရှင် တပ်က ဝင်ရောက်ဖမ်းဆီးပြီး မောတောင်မြို့သို့ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။
၁၀ ရက်ကျော်အကြာ ယနေ့ မေလ ၂၆ ရက် ညနေ ၃နာရီအထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံများမှာ အမှတ် ၉ရွာ၊ အမှတ် ၈ရွာနှင့် အမှတ်၆ရွာတို့က ရွာသားအများစု ပါဝင်ပြီး လက်ရှိ မောတောင်မြို့တွင် ဆက်လက်ထိန်းသိမ်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
“ပြန်မလွှတ်ပေးဘူး။ (စစ်ဘေးရှောင်တွေနဲ့) သူတို့ (စစ်အာဏာရှင်တပ်သားတွေ) က အတူတူရောနေတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ထို့အပြင် စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်နေသည့် အနီးရွာမှ ဒေသခံ သက်ကြီးရွယ်အို အများစုအပါအဝင် လူဦးရေ ၂၀၀ ကျော်ကိုလည်း သွားလာခွင့်များ ပိတ်ပင်ထားကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ရှိ လူမရှိသည့် နေအိမ်များကို ဝင်ရောက်ပြီး ဆိုင်ကယ်နှင့် ပစ္စည်းများကို ယူဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။







