ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြေမြှုပ်မိုင်းနှင့် ကင်းပုန်းကြောင့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းရှိ ရော်ဘာခြံများအတွက် လုပ်သားခေါ်ရခက်

May 26, 2026

Photo - DaweiWatch

ရေဖြူမြို့နယ်၊ မလွှဲတောင် – ကလိန်အောင်လမ်းပိုင်းရှိ ရော်ဘာခြံများတွင် မြေမြှုပ်မိုင်းနှင့် စစ်အာဏာရှင်တပ် ကင်းပုန်းများကြောင့် ခြံစောင့်နှင့် ခြံခုတ်လုပ်သား ခေါ်ယူရခက်ခဲနေကြောင်း ရော်ဘာခြံရှင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ယင်းလမ်းပိုင်းရှိ ကျေးရွာများရှိ ရော်ဘာခြံများတွင် မိုင်းနင်းမိ၍ ဒဏ်ရာရသူ ခြောက်ဦးထက်မနည်း ရှိပြီဖြစ်သည်။

၂၀၂၅ ခုနှစ် သြဂုတ်လတွင် အဆိုပါလမ်းပိုင်း၌ ကားလမ်းရက်ရှည်ပိတ်ရသည်အထိ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး အင်အားစုများအကြား စစ်ရေးပြင်းထန်ခဲ့ပြီးနောက် လမ်းပိုင်းရှိ ကျေးရွာများနှင့် ဥယျာဉ်ခြံများတွင် မြေမြှုပ်မိုင်း နင်းမိသူများ ဆက်တိုက်ရှိလာခဲ့သည်။

ယင်းအပြင် ၂၀၂၅ ခုနှစ် ဒုတိယ နှစ်ဝက်မှ ၂၀၂၆ ခုနှစ် မတ်လအထိ စစ်အာဏာရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းရှိ ရော်ဘာခြံများတွင်နေထိုင်သည့် ခြံစောင့်မိသားစု သုံးခုက ကလေးငါးဦးအပါအဝင် ခုနစ်ဦး ကျည်စထိမှန်သေဆုံးခဲ့သေးသည်။

“အခုက လုပ်ရက် (အလုပ်ရတဲ့ရက်) က မမှန်။ မိုင်းက ကြောက်ရတော့ (အလုပ်သမားတွေ) ပြန်ကုန်ကြတာ။ အခုက အလုပ်က လုပ်ရတဲ့ရက်က နည်းတယ်။ လုံးဝမခြစ်ရတဲ့ခြံတွေလည်း ရှိတယ်။ ရော်ဘာ ရာသီမကုန်ခင်ကို ပြန်သွား ကြတယ်။ အခုတောင် အလုပ်သမားရှာရခက်နေတာ နောက်နှစ် ရှာရပိုခက်မယ် ” ဟု အဆိုပါလမ်းပိုင်းရှိ မရမ်းချောင်းရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည် ။

ကလိန်အောင်မြို့နယ်က ရော်ဘာခြံများတွင် ရော်ဘာခြံလုပ်သားများကို မိသားစုအလိုက် ခြံစောင့်အဖြစ်ထားကာ အထွက်နှုန်း ရာခိုင်နှုန်းအလိုက်ဖြစ်စေ၊ အပင်အရေအတွက် အထွက်နှုန်းဖြင့်ဖြစ်စေ လုပ်အားခပေးရကြောင်း ခြံရှင်များက ဆိုသည်။

ရော်ဘာခြံ လုပ်သားများသည် ဧရာဝတီနှင့် ပဲခူး ဒေသများက လာရောက်လုပ်ကိုင်သူများကြောင်း ခြံရှင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်က ကင်းပုန်း နေရာယူထားသည့် ခြံများတွင်မူ အလုပ်သမား သာမက ခြံရှင်ပါ သွားလာ၍ မရတော့ဘဲ ပစ်ထားရသည့် ခြံများလည်းရှိကြောင်း ရော်ဘာခြံရှင်များက ပြောဆိုသည်။

“စစ်တပ် ကင်းပုန်းဝပ်တဲ့ ခြံတွေရှိတယ်။ ကင်းပုန်းရှိနေတော့ ခြစ်ခွင့် မပေးဘူး။ ကျွန်တော်တို့ ခြံဆို တစ်နွေလုံး ပိတ်ထား ရတာ။ အလုပ်က ပေးမလုပ်။ သွားတိုင်း ရန်ရှာခံရတော့ ပိတ်လိုက်ရတာ” ဟု အဆိုပါလမ်းပိုင်းရှိ ရော်ဘာခြံရှင် အခြား တစ်ဦးက ပြောဆိုသည်။

ယခုနှစ် မိုးဦးကျကာလတွင် ရော်ဘာခြံတောထွင်ခလည်း စျေးတက်လာကြောင်း ခြံရှင်များထံမှ သိရသည် ။

“စက်ခုတ် (တောခုတ်) ရင် တစ်နေ့ နေ့စားခ ငါးသောင်းအထိ ပေါက်တယ်။ မိုင်းပေါက်ဖူးတဲ့ ခြံနဲ့နီးတဲ့ လူမလုပ်ရဲတဲ့ ခြံတွေဆို ပိုပေးရတယ်။ ငါးသောင်းပေါက်ရင် ခုနစ်သောင်းလောက်အထိ လိုက်ပေးရတာ။ ပိုက်ဆံ ပေးတာတောင် မလိုက်တဲ့ သူတွေများတယ်။ ခြံခုတ်သမားခေါ်ရခက်တယ်” ဟု ရာဖူးရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

ကလိန်အောင်မြို့နယ်တွင် ခြံခုတ်ခ (အလုပ်သမား နေ့စားခ) သည် ၂၀၂၄ခုနှစ်က ကျပ် ၂၅၀၀၀ မှ ၂၀၂၅ ခုနှစ်တွင် ကျပ် ၃၅၀၀၀ အထိသာ စျေးပေးရကြောင်း ၎င်းက ဆိုသည်။

မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းတွင် လတ်တလော၌ ထိတွေ့ပစ်ခတ်မှုများ မရှိကြသော်လည်း စစ်ရေးလှုပ်ရှားမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

Photo – DaweiWatch