ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မောတောင်မြို့၊ အမှတ် (၃) ရွာရှိ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့

May 26, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်ရယူပြီးနောက် အမှတ် (၃) ရွာရှိ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၅ ရက်နေ့၊ အမှတ် (၃) ရွာရှိ စစ်ဘေးရှောင်အများစု တက်ရောက်နေသည့် တကော့ဖောလု (ဒေသအခေါ်) စာသင်ကျောင်းနှင့် အနီးရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကျောင်းမီးမရှို့ခင် ကျောင်းမှာရှိတဲ့ ပစ္စည်းတွေကို (စစ်အာဏာရှင်တပ်သားများက) အကုန်သယ်လိုက်တယ်။ ပြီးမှ မီးရှို့တယ်။ အနားမှာရှိတဲ့ အဆောင်တွေရော နေအိမ်တွေရော အကုန်မီးရှို့လိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား လေးရာကျော် တက်ရောက်နေကြောင်း၊ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ မေလ ၁၅ ရက်နေ့က နေကျော်တောင် (ဒေသအခေါ်) တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် လေကြောင်းဗုံးကြဲမည်ကို စိုးရိမ်ရသောကြောင့် ကျောင်းသားများကို ပြောင်းရွှေ့ခဲ့ကြောင်း ကျောင်းဆရာတစ်ဦးက ဆိုသည်။

“အကုန်လုံး ပြောင်းလိုက်ရတယ်။ လူတွေရော ပစ္စည်းတွေရော။ စက်ပစ္စည်းတွေ၊ ခုံတွေနဲ့ ဆိုလာတွေပဲ ကျန်ခဲ့တယ်။ ကျောင်းကတော့ မီးရှို့ခံရတယ်” ဟု အထက်ပါ ဆရာက ပြောသည်။

စစ်အာဏာရှင်တပ်က မေလ ၁၇ ရက်နေ့တွင် အမှတ် (၃) ရွာရှိ နေအိမ် ၃ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။